လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ

လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ဒီအတိုင်း ကျန်းမာနေတုန်းကတော့  ကိုယ့်သွေးက ဘာသွေးလဲဆိုတာလောက်ပဲ စိတ်ဝင်စားပြီး အခြားသွေးအုပ်စုတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြစ်မနေ သွေးသွင်းရတော့မယ့် ဆိုရင် စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ် ။ ။ ဒါတွေအတွက် အဖြေက ဒီမှာပါ။  ။
Q – သွေးအုပ်စု ဘယ်နှစ်ခုရှိလဲ။ ဘယ်သွေးက အရှားဆုံးနဲ့ ဘယ်သွေးက အပေါဆုံးလဲ။ ။

A B AB O ဆိုပြီးသွေးအုပ်စု ၄ မျိုးရှိပါတယ်။ ဒီထဲမှာ AB သွေးက အရှားဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ O သွေးကတော့ အပေါဆုံးဖြစ်ပြီး ရှေးအကျဆုံး သွေးလို့လည်း သတ်မှတ်ထားကြပါတယ်။ ရှေးအကျဆုံးဆိုတာက သူ့ကို  အရင်တွေ့ပြီးနောက်ပိုင်းမှ အခြား သွေးအမျိုးအစားတွေကို တွေ့ရှိတယ်လို့ ဆိုလိုတာပါ။
Q – ဘယ်သွေးက အကောင်းဆုံးလဲ ။။

သွေးအုပ်စု လေးခုထဲမှာတော့ ဘယ်သွေးအုပ်စုက အကောင်းဆုံးလဲဆိုပြီးတော့ မရှိပါဘူး။ တစ်ခုရှိတာက O သွေးဟာ အခြားသွေးအုပ်စုဆီတွေကိုလည်း သွေးလှူလို့ရတဲ့အတွက် သူ့ကိုတော့ အလှူရှင်သွေး ‘Universal Donor’ လို့ခေါ်ကြပါတယ်။
Q – သွေးအုပ်စု တစ်ခုကနေ တစ်ခုဆီကို ပြောင်သွားတတ်လား။

ဥပမာ A သွေးဖြစ်နေပြီးတော့ နောက်ပိုင်း B သွေးကို ပြောင်းသွားတတ်တဲ့ ကိစ္စမျိုးက မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် တစ်ခါက အသည်းအစားထိုးကုသလိုက်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ သွေးက O- ကနေ O+ ပြောင်းသွားတဲ့ အဖြစ်မျိုးရှိခဲ့ဖူးပါတယ်။
Q – ကိုယ့်သွေး အမျိုးအစားကလည်း မသိရသေးဘူး။ သွေးသွင်းဖို့လည်း ချက်ချင်းလိုနေပြီဆို ဘာသွေးသွင်းလို့ရလဲ ။ ။

ကိုယ့်သွေးအဖြေရဖို့အချိန်လေးကိုတောင် မစောင့်နိုင်လောက်တဲ့ အရေးပေါ် ကျန်းမာရေးပြဿနာတွေမှာဆို သင့်အတွက် စိတ်အချရဆုံးဖြစ်တဲ့ O- သွေးကို ဆရာဝန်တွေ သွင်းပေးလေ့ရှိပါတယ်။
Q – ဘယ်လိုလူတွေက သွေးသွင်းဖို့လိုအပ်လဲ ။ ။

သွေးဆဲလ်နဲ့ပက်သက်တဲ ့ရောဂါခံစားနေရတဲ့သူတွေ၊ ရိုးတွင်းခြင်ဆီ ကင်ဆာဖြစ်နေတဲ့သူတွေ၊ အကြီးစားခွဲစိတ်မှု ပြုလုပ်မယ့်သူတွေ၊ ကင်ဆာ ဝေဒနာခံစားနေရတဲ့သူတွေနဲ့ ကလီစာအစားထိုးခြင်း ခွဲစိတ်မှုတွေပြုလုပ်မယ့်သူတွေဟာ သွေးသွင်းဖို့လိုအပ်တဲ့ ဝေဒနာရှင်တွေပါ။
Q – သွေးတစ်ခုက ဘာတွေနဲ့ ဖွဲ့စည်းထားလဲ။

    သွေးတစ်ခုမှာ အောက်ဆီဂျင်တွေ သယ်ပေးတဲ့ သွေးနီဥ၊
    ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ၊
    ထိခိုက်ဒဏ်ရာရရင် သွေးတိတ်အောင် လုပ်ပေးတဲ့ platelets နဲ့
    သွေးအုပ်စုတွေကိုခွဲပေးတဲ့ antigens antibodies တွေ၊ Rh ပရိုတင်းတွေ နဲ့ သွေးဆဲလ်တွေပျော်ဝင်နေတဲ့ သွေးရည်ကြည်ဆိုပြီး ၄ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။

Q – သွေး အမျိုးအစားချင်းတူတဲ့သူပဲ ဘာ့ကြောင်သွင်းလို့ရတာလဲ။  ။

သွေးအမျိုးအစားတစ်ခုချင်းဆီမှာ ကိုယ်ပိုင် antigens နဲ့ antibodies တွေရှိကြပါတယ်။ antigens ဆိုတာသွေးအုပ်စု သတ်မှတ်ပေးတာဖြစ်ပြီး antibodies ဆိုတာ မျိုးမတူတဲ့ antigens တွေကို တိုက်ဖို့ပါ။ ဥပမာ A သွေးမှာ A antigens ရှိပြီး B antibodies ရှိပါတယ်။ B သွေးမှာ B antigens ရှိပြီး A antibodies ရှိပါတယ်။ အဲဒါကို A သွေးထဲ B သွေးထည့်လိုက်တဲ့အခါ antigen antibodies အချင်းချင်းတိုက်ကြပြီး ပြင်းထန် ဓာတ်မတည့်မှုတွေဖြစ်စေတတ်ပါတယ်။
Q – O သွေးကို အလှူရှင်သွေးလို့ခေါ်ပြီး AB သွေးကို လက်ခံသူသွေးလို့ ဘာ့ကြောင့်ခေါ်ကြတာလဲ ။ ။

O သွေးမှာ A antigens B antigens မရှိတဲ့အတွက် ဘယ့်သွေးဆီကို မဆို လှူလို့ရပါတယ်။ ဒါပေမယ့် antibodies ကျတော့ Oသွေးမှာ A antibodies  နဲ့ B antibodies  ၂ မျိုးလုံး ရှိတဲ့အတွက် သူ့ထဲကိုတော့ O အချင်းချင်းပဲ လက်ခံပါတယ်။

AB သွေးကျတော့ သူ့ဆီမှာ ဘာ Antibodies မှ မရှိတဲ့အတွက် ကြိုက်တဲ့သွေးအမျိုးအစားကို လက်ခံလို့ရပါတယ် ။ ။
Q – အပေါင်းသွေ းအနှုတ်သွေးကရော ဘာလဲ ။ 

အပေါင်းသွေး အနှုတ်သွေးဆိုတာ Rh + နဲ့ Rh – ကိုပြောချင်တာပါ။ Rh ဆိုတာ သွေးရည်ကြည်ထဲမှာရှိနေတဲ့ ပရိုတင်း တစ်မျိုးပါ။ + နဲ့ – ကွဲနေတယ်ဆိုတည်းက သူတို့ နှစ်ခုဟာ အရောမခံဘူးဆိုတာ အားလုံးသိကြမှာပါ။ အပေါင်းသွေးဆိုရင်တော့ ပြဿနာမရှိပေမယ့် အနှုတ်သွေးပိုင်ရှင်တွေ အတွက်ကတော့ သွေးသွင်းချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ သတိကြီးကြီးထားရမှာပါ။

  ဘာ့ကြောင့်လဲဆိုတော့ အနှုတ်သွေးထဲ အပေါင်းသွေး သွင်းမိလိုက်ရင် ပထမတစ်ကြိမ်ဆို antibodies ထွက်လာတာလောက်ပဲရှိပြီး ပြဿနာမရှိပေမယ့် ဒုတိယတစ်ကြိမ် ထပ်မှားခဲ့မယ်ဆိုရင် antigens နဲ့ antibodies တွေ တိုက်ကြပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တာကြောင့်ပါ။
 

ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း မိခင်က အနှုတ်သွေး ပထမကိုယ်ဝန် ကလေးက အပေါင်းသွေးဖြစ်ခဲ့မယ်ဆိုရင် အဲဒီ အပေါင်းသွေးကိုတိုက်တဲ့ antibodies တွေ မိခင်ကိုယ်ထဲ ထွက်နေပါလိမ့်မယ် ။ဒါပေမယ့် သူတို့က ပထမကလေးကို မတိုက်သေးပါဘူး။ ကံဆိုးတာက ဒုတိယကိုယ်ဝန်ပါ။ ဒုတိယ ကိုယ်ဝန် ကလေးရဲ့ သွေးက အပေါင်းသွေးထပ်ဖြစ်ခဲ့ဦးမယ်ဆိုရင်တော့ မိခင်ရဲ့ သွေးနဲ့ ကလေးသွေး တိုက်ကြပြီး ကလေးပျက်ကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required