လူမျိုးရေးမခွဲခြားဘဲ တန်းတူအခွင့်အရေးပေးရန် မွတ်ဆလင်ဒုက္ခသည်များ ကုလထံ တောင်းဆို

လူမျိုးရေးမခွဲခြားဘဲ တန်းတူအခွင့်အရေးပေးရန် မွတ်ဆလင်ဒုက္ခသည်များ ကုလထံ တောင်းဆို
သတင်းဓာတ်ပုံ - စစ်တွေမြို့နယ်၊  ဒါးပိုင်ကျေးရွာတွင်တွေ့ရသည့် မွတ်ဆလင်ကလေးငယ်များ။

စစ်တွေ၊ မေ ၁၄ ။          ။ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် သီးခြားနေထိုင်နေကြရသည့် မွတ်ဆလင်ဒုက္ခသည်များက လူမျိုးရေးခွဲခြားမှု မရှိသည့် တန်းတူအခွင့်အရေးရရန် လူသားချင်းစာနာမှုဆိုင်ရာကုလသမဂ္ဂအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ကြသည်။

မြို ့နှင့်ဝေးလံသည့်ဒေသများ၊  ကျေးရွာများတွင် သီးခြားစီ နေထိုင်ရပြီး သွားလာခွင့် ပိတ်ပင်ခံထားရခြင်းကြောင့် ပညာရေး၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် အခွင့်အရေးများ ဆုံးရှုံးနေကြရသည်ဟု ဆိုသည်။

ထို့ကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ မွတ်ဆလင်ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ နော်စောလနုက ပြောသည်။

"အခက်ခဲဆိုတာက နေရာမရှိ၊ စားဖို့သောက်ဖို့ အခက်အခဲ၊ ကလေးတွေ ပညာမသင်ရ၊ လူတွေ အခက်ခဲဖြစ်လို့ ဆေးကုချင်လည်း ကုလိုမရဘူး။ ဒါကြောင့် ကျွန်တော်တို့ နံပါတ်တစ်က မူလနေရာကို လိုချင်တယ်။ ပြီးတော့ တန်းတူခွင့်ပြုချက် လိုချင်တယ်။ ရခိုင် မဆို၊ ကုလား မဆို၊ ဗမာ မဆို တန်းတူခွင့်ပြုချက်တစ်ခု လိုချင်တယ်။"ဟု ဆိုသည်။

ကယ်ဆယ်ရေးစခန်းများတွင် ဆရာဝန်အပါအဝင် ကျန်းမာရေးလိုအပ်ချက်များပြည့်စုံစွာ မရှိခြင်း၊ လိုအပ်လာပါကလည်း မြို့ပေါ်သို့ လွတ်လပ်စွာ သွားရောက် ကုသမှုခံယူ၍ မရခြင်း၊ သွားမည်ဆိုလျှင်လည်း လုံခြုံရေးကို ငွေကြေးဖြင့် ငှားရမ်းရခြင်း စသည့်အခက်ခဲများ ကြုံနေကြရကြောင်း ပြောဆိုခဲ့ကြသည်။ 

ယင်းအပြင် ပညာရေးကဏ္ဍတွင်လည်း သင်ကြားရေးဝန်ထမ်းများ ပြည့်စုံမှု မရှိသည့်အပြင် ဆယ်တန်းပြီးဆုံးပါကလည်း တက္ကသိုလ်သို့ လာရောက် တက်ခွင့် မရကြခြင်းကြောင့် ယခင်ကလို မူလနေရပ်တွင် ပြန်လည်နေထိုင်ခွင့်ရရေး တောင်းဆိုခဲ့ကြသည်။

"အဓိကကွာခြားမှုက ကျွန်တော်တို့မြို့ပေါ်မှာ နေတုန်းက ကျပန်းဆို ကျပန်း၊ စီးပွားရေးသမားဆို စီးပွားရေးသမား၊ နိုင်ငံခြားကို Input၊ Output လုပ်တဲ့သူတွေလည်း ရှိပါတယ်။  ပို့ကုန်တွေ တင်သွင်းတာလည်း ရှိတယ်။ ကျွန်တော်တို့မြို့ပေါ်မှာ နေတုန်းက နယ်စပ်ကုန်သွယ်ရေး၊  ဘင်္ဂလာကို တင်ပို့တာလည်း ရှိပါတယ်။  အခုလူတွေ ဒီမှာရောက်လာလို့ ၁၁ ပေ၊ ၉ ပေအဆောင်မှာ နေနေရတယ်။"ဟု ယခင်က နေထိုင်ခဲ့ရသည်နှင့် ကွာခြားပုံကို ကုလအဖွဲ့နှင့်တွေ့ဆုံခဲ့သည့် မွတ်ဆလင်ဒုက္ခသည်စခန်းမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

မေ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာနှင့်အဖွဲ့ စစ်တွေမြို့၊ ဒါးပိုင်ကျေးရွာရှိ မူဆလင်ဒုက္ခသည်ကယ်ဆယ်ရေးစခန်းကို သွားရောက်တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ပဋိပက္ခအပြီးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေနှင့် ပေါက်တောမြို့နယ်တို့တွင် ယခင်က ရခိုင်တို့နှင့် ရောနှောနေထိုင်ခဲ့ကြသည့် မွတ်ဆလင်များမှာ သီးခြားနေထိုင်ခဲ့ကြရခြင်းဖြစ်ပြီး လက်ရှိမှာ ၇ နှစ်ကြာမြင့်နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly