သီရိလင်္ကာမှာ မွတ်စလင် ဆန့်ကျင်ရေး အရှိန်မြင့် ဖြစ်ပွားနေ

သီရိလင်္ကာမှာ မွတ်စလင် ဆန့်ကျင်ရေး အရှိန်မြင့် ဖြစ်ပွားနေ

ကိုလံဘို၊ မေ ၁၄ ။            ။ သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မွတ်စလင်ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ အရှိန်မြင့်လာခဲ့ရာမှာ ဓားကိုင်လူအုပ်က လူတစ်ဦးကို သတ်ဖြတ်လိုက်တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံရဲ့ ဒေသအချို့မှာလည်း အချိန်အကန့်အသတ်မရှိ ကာဖျူးမိန့်ကို မေ ၁၄ ရက်မှာ ဆက်လက်ထုတ်ပြန်ထားသလို လူမှုမီဒီယာတွေကို ပိတ်ထားပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေက အီစတာပွဲတော်မှာ ဗုံးခွဲတိုက်ခိုက်တာကြောင့် လူပေါင်း ၂၅၈ ဦး သေဆုံးခဲ့ပြီး သီတင်းသုံးပတ်အကြာ ပြီးခဲ့တဲ့ တနင်္လာနေ့ ညမှာ ဆူပူအုံကြွမှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာပါ။

လူအုပ်တွေက မီးရှို့တိုက်ခိုက်မှုတွေ လုပ်ဆောင်ကြရာမှာ ဗလီတစ်ခုကို လူ ၂၀၀၀ နီးပါး ဝင်ရောက်ဖျက်ဆီးမှုလည်း ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အင်္ဂါနေ့ မနက်မှာ အနောက်မြောက်ပိုင်းပြည်နယ်က လွဲလို့ ကျန်တစ်နိုင်ငံလုံးမှာ ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ ပြည်နယ်မှာ ဓားတွေကိုင်ထားကြတဲ့ လူအုပ်က အသက် ၄၅ နှစ်ရှိ မွတ်စလင်အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့တာပါ။

ဟတ်တီပိုလာမြို့မှာဆိုရင် မွတ်စလင်ဆန့်ကျင်တဲ့ လူအုပ်တွေဟာ မွတ်စလင်တွေပိုင် ဆိုင်ခန်းတွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ကြပါတယ်။

ဒီ မြို့တွင်းမှာ အနည်းဆုံး မွတ်စလင်ပိုင် စျေးဆိုင်သုံးဆိုင် မီးရှို့ဖျက်ဆီးခံရတယ်လို့ ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ အီစတာပွဲတော်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းနဲ့ ဟိုတယ်တွေကို အစ္စလာမ်အစွန်းရောက်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အိုင်အက်စ်အဖွဲ့က ဒီတိုက်ခိုက်မှုတွေဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly