အောင်လအန်ဆန်ကို လက်တွေ့ဘဝ၏ Super Heroဟု သတ်မှတ်နိုင်သည့် အချက် ၅ ချက်

အောင်လအန်ဆန်ကို လက်တွေ့ဘဝ၏ Super Heroဟု သတ်မှတ်နိုင်သည့် အချက် ၅ ချက်

ယနေ့ ကမ္ဘာပေါ်တွင် Super Hero လူစွမ်းကောင်း ရုပ်ရှင်ကားနှင့် ဝတ္တု၊ ကာတွန်းများ လူကြိုက်များလျက် ရှိနေပြီး ဝင်ငွေ ဒေါ်လာ ဘီလျံနှင့် ချီကာ ရရှိနေကြသည်။ ယင်းကဲ့သို့ စိတ်ကူးယဉ် Super Hero ဇာတ်ကောင်များ၏ စရိုက် လက္ခဏာ အစွမ်းအစများနှင့် တူညီသော လူပုဂ္ဂိုလ်များသည် လက်တွေ့ဘဝတွင် များစွာ ရှိကြသည်။ အဆိုပါ လူပုဂ္ဂိုလ်များ ထဲတွင် “မြန်မာ စပါးအုံး”ဟု နာမည်ရထားသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား အောင်လအန်ဆန်လည်း အပါအဝင် ဖြစ်သည်။ ONE Championship ၏ ဝိတ်တန်း နှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို အဘယ်ကြောင့် Super Hero ဟု သတ်မှတ်နိုင်သည် ဆိုသည့် အချက်များအား ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

၁။ အံ့မခမ်း စွမ်းဆောင်ရည် ပိုင်ဆိုင်ခြင်း

အောင်လအန်ဆန်ကို Super Hero နှင့် နှိုင်းယှဉ်နိုင်သည့် ပထမဆုံး အချက်မှာ သာမန်လူများထက် ထူးကဲသာလွန်သော ၎င်း၏ စွမ်းဆောင်ရည် ဖြစ်သည်။ လူစွမ်းကောင်းတစ်ဦး၏ ခွန်အား၊ အမြန်နှုန်းနှင့် ကြံ့ခိုင်မှု တို့ကို ပိုင်ဆိုင်ထားသည့် အောင်လသည် ONE တွင် ပွဲပေါင်း ၁၁ ပွဲ ကစားခဲ့ရာတွင် ၁ဝ ပွဲ နိုင်ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသည်။ ထို့ပြင် ၎င်း၏ ဝိတ်တန်း ဖြစ်သော မစ်ဒယ်ဝိတ်တန်းတွင် ဗိုလ်စွဲသည့်အပြင် တန်းတက်ကာ လိုက်ဟဲဗီးဝိတ်တန်းတွင်ပါ ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ယှဉ်ပြိုင်ကစားနိုင် ခဲ့သည်။ ၎င်းအနိုင်ရသည့် ပွဲစဉ် ၁ဝ ပွဲတွင် ၅ ပွဲကို ပထမ အချီအတွင်း အနိုင်ယူခဲ့ခြင်းဖြစ်ရာ သာမန်လူများ မည်သို့မျှ မစွမ်းဆောင် နိုင်သည့် Super Hero စွမ်းရည်မျိုး ဖြစ်သည်။ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲတွင် ၎င်း၏ ပြိုင်ဘက်ဖြစ်သူ Ken Hasegawa မှာ အောင်လ၏ ခြေကန်ချက်ကြောင့် နံရိုးကျိုးပြီး ဆေးရုံပါ တင်ခဲ့ရသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် လာမည့် အောက်တိုဘာလတွင် အောင်လအန်ဆန်သည် ၎င်းထက် ဝိတ်တန်း၂ တန်း မြင့်သော ဟဲဗီးဝိတ်တန်းမှ ကမ္ဘာ့ ချန်ပီယံ Brandon Vera နှင့်ပါ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

၂။ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခြင်း

Super Hero နှင့် Super Villain တို့အကြား အဓိက ကွာခြားချက်မှာ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် အဖျက်အမှောက် လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်သည်။ အောင်လကို Super Hero အဖြစ် သတ်မှတ်ရသည့် အချက်တစ်ခုမှာ လူသားအကျိုးပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံအလံကြီးကို လွှမ်းခြုံကာ နိုင်ပွဲများ ရယူပေးနေသည့် အောင်လသည် သဘာဝ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်း ကာကွယ်ရေးနှင့် တောရိုင်းတိရစ္ဆာန်နှင့် ပတ်သက်သည့် ရာဇဝတ်မှုများ တိုက်ဖျက်ရေး လုပ်ငန်းများတွင် သံတမန် တစ်ဦးအဖြစ် ပါဝင်နေသည်။ ထို့ပြင် ပရဟိတ လုပ်ငန်းများ အတွက်လည်း ၎င်း၏ အောင်မြင်ကျော်ကြားမှုကို အသုံးချကာ ဝန်းရံပံ့ပိုးပေးသလို ကချင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက်လည်း အကူအညီများ ပေးလျက်ရှိသည်။ ONE နှင့် မိတ်ဖက်ဖြစ်သော Global Citizen အတွက်လည်း လူမှုရေး လုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်ပေးလျက် ရှိသည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သော မြန်မာနိုင်ငံမှ မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းပေးရန် အတွက်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် လက်တွဲ လုပ်ကိုင်လျက် ရှိသည်။

၃။ ပြည်သူလူထုက လေးစားချစ်ခင် ကြခြင်း

Super Hero တစ်ဦး၏ ဂုဏ်ပုဒ်များ ထဲတွင် မပါမဖြစ် နီးပါး ပါဝင်နေသည့် နောက်ထပ် ကြန်အင်လက္ခဏာ တစ်ခုမှာ ပြည်သူ လူထုက တခဲနက် လေးစားချစ်ခင် ကြခြင်း ဖြစ်သည်။ ONE တွင် အောင်လတစ်ယောက် ချန်ပီယံ မဖြစ်ခင် အချိန်ကတည်းက ပြည်သူလူထု၏ ထောက်ခံ အားပေးမှုနှုန်း ကြောက်ခမန်း လိလိ ရှိခဲ့သည်။ ချန်ပီယံ ဆုများ သိမ်းပိုက်ပြီးသည့် အခါတွင်တော့ ၎င်းကို အားကစားသမား အဖြစ်သာမက အမျိုးသား သူရဲကောင်း တစ်ဦးအဖြစ်ပါ အသိအမှတ် ပြုလာကြသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အစိုးရ ခေါင်းဆောင်များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စသည့် နိုင်ငံ့ ခေါင်းဆောင်များ ကအစ သူ့ကို ဂုဏ်ပြုခြင်း၊ ဆုငွေ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ သူ့အပေါ် ထားသည့် လေးစား ချစ်ခင်မှုကို အသိသာ အထင်ရှားဆုံး အချက်မှာ မွေးရပ်မြေ ဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့တွင် ကြေးရုပ်ကြီး သွန်းလုပ်ကာ ဒေသခံများက သောင်းသောင်းဖျဖျ ဂုဏ်ပြု ခဲ့ကြခြင်း ဖြစ်သည်။

၄။ ရှေ့ဆောင် လမ်းပြကောင်း ဖြစ်ခြင်း

Super Hero တစ်ဦးသည် ၎င်းကိုယ်တိုင် ကောင်းအောင် နေထိုင်ရသလို ၎င်းပတ်ဝန်းကျင် လူ့အဖွဲ့အစည်းနှင့် မျိုးဆက်သစ်များ အတွက်ပါ အားကျ အတုယူဖွယ် ရှေ့ဆောင် လမ်းပြကောင်း တစ်ဦး ဖြစ်နေသင့်သည်။ အောင်လ အန်ဆန်သည် အဆိုပါ အရည်အချင်းနှင့် အထူး ပြည့်စုံပြီး လူကြီး၊ လူငယ်၊ အရွယ်မရွေး အောင်လအန်ဆန်ကို အားကျ လေးစားကြသည်။ စာရိတ္တ၊ အကျင့်စရိုက်နှင့် အနေအထိုင်၊ အပြောအဆိုကအစ အပြစ်ပြောစရာ မရှိသော စံပြ ပုဂ္ဂိုလ် တစ်ဦးအဖြစ် နေပြခဲ့သည်။ ရှုံးနိမ့်မှုများ ရင်ဆိုင်ရသည့် အခါတွင်လည်း စိတ်ပျက် မသွားဘဲ ထိပ်ဆုံး ရောက်အောင် ပြန်တက်ပြနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဖိုးသော်၊ တီရဲလ်ထန်၊ အန်တိုနီယာ စသည့် မြန်မာ ကစားသမားများက အောင်လကို အားကျပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမား ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထား ခဲ့ကြသည်။

၅။ အခြားတစ်ဘက်တွင် ဘဝတစ်ခု ရှိနေခြင်း

Super Hero များသည် မျက်နှာဖုံး စွပ်ပြီး အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေချိန် မဟုတ်လျှင် အခြား တစ်ဘက်တွင် သာမန်လူနှင့် မခြားသောဘဝ တစ်ခုထဲ နေထိုင်လေ့ ရှိကြသည်။ အောင်လ အန်ဆန်သည်လည်း အလားတူပင် ကြိုးဝိုင်းထဲ ယှဉ်ပြိုင် တိုက်ခိုက် နေသည့် အချိန်နှင့် လေ့ကျင့်ရေး ဆင်းနေသည့် အချိန်များ မဟုတ်သည့် အခါတွင် အမေရိကန်သူ ဇနီးချော၊ ချစ်စရာ သားငယ်လေး တို့နှင့်အတူ သာမန် ဖခင် တစ်ဦးအနေဖြင့် နေထိုင်လေ့ ရှိသည်။ ထို့ပြင် အောင်လသည် အမေရိကန် နိုင်ငံ၊ မီချီဂန် ပြည်နယ်ရှိ အန်ဒရူး တက္ကသိုလ်မှ စိုက်ပျိုးရေး သိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ မဝင်ရောက်မီ အချိန်က အောင်လသည် ပျားမွေးမြူရေး လုပ်သား တစ်ဦး အဖြစ်ပင် လုပ်ကိုင်ခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly