ရန်ကုန်ယူနိုက်တက် ကစားမယ့် AFC Cup ပွဲစဉ်ကို ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင် (၃)ဦး ကိုင်တွယ်မည်

ရန်ကုန်ယူနိုက်တက် ကစားမယ့် AFC Cup ပွဲစဉ်ကို ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင် (၃)ဦး ကိုင်တွယ်မည်
Photo Courtesy: AFC

၂၀၁၉ အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) ပြိုင်ပွဲရဲ့ အမျိုးသားပွဲစဉ်တစ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်အဖွဲ့က ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ယနေ့ (မေ ၁၄ ရက်) ကြေညာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ့် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်နဲ့ ကမ္ဘောဒီးယားကလပ် နာဂဝေါလ် (Naga World) တို့ရဲ့ AFC Cup ပွဲစဉ်ကို ဂျပန်အမျိုးသမီးဒိုင်လူကြီး ယိုရှီမီ ယာမာရှီဒါနဲ့ အမျိုးသမီးအကူဒိုင် မာကိုတို ဘိုဇိုနိုနဲ့ နောမိ တက်ရှီရိုဂီတို့က တရားဝင် ကြီးကြပ်သွားမှာပဲဖြစ်ပါတယ်။

"ဒါဟာ အာရှဘောလုံးအဖွဲ့ချုပ် ကလပ်ပြိုင်ပွဲတွေမှာ အမျိုးသမီး ဒိုင်လူကြီး (၃)ဦးက ပထမဆုံးကိုင်တွယ်မယ့် ပွဲစဉ်ဖြစ်ပြီး အာရှဒိုင်လူကြီးတွေအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်တာလည်းဖြစ်ပါတယ်။"လို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။

ယခုမတိုင်မီက တရားဝင် အမျိုးသမီးဒိုင်အဖြစ် ၂၀၁၄ ခုနှစ်က AFC Cup ပွဲစဉ်တွေမှာ သြစတြေးလျ အမျိုးသမီး အကူဒိုင်တွေဖြစ်တဲ့ စာရာဟိုနဲ့ အယ်လီဆင် ဖလင်းတို့ နှစ်ဦးကို အကူဒိုင်အဖြစ်သာ အသုံးပြုခဲ့တာပါ။

"ဒါဟာ ကျမအိပ်မက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျမတို့ အရမ်းကြိုးစားပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ဒါကပဲ ရလဒ်ဖြစ်တယ်။"လို့ ယာမာရှီဒါက ပြောပါတယ်။

သူမဟာ ၂၀၁၆ နဲ့ ၂၀၁၈ ဖီဖာ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားနဲ့ ၂၀၁၈ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွေမှာဒိုင်အဖြစ် တရားဝင်ကြီးကြပ်ကိုင်တွယ်ခဲ့သူလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly