သီရိလင်္ကာမှာ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်လို့ လူ ၁ ဦး သေ

သီရိလင်္ကာမှာ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်လို့ လူ ၁ ဦး သေ

မေ ၁၄ ။           ။ သီရိလင်္ကာမှာ နိုင်ငံတစ်ဝှမ်း ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသော်ငြား မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်လို့ လူ တစ်ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေဟာ မြို့တော် ကိုလံဘို မြောက်ပိုင်းက ခရိုင်ဒေသ သုံးခုဆီအထိ ပြန့်နှံ့့သွားခဲ့တယ်လို့ ဆိုပါတယ်။  ဒါဟာ ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက လူပေါင်းရာနဲ့ချီ သေဆုံးသွားခဲ့တဲ့ အီစတာ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ တုန့်ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ပူတယ်လမ် ဒေသမှာ စ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လူအုပ်စုတစ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်ရှိ သီရိလင်္ကာ မွတ်ဆလင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

“ ခု သေဆုံးသွားတဲ့ အမျိုးသား ရဲ့ အလုပ်ရုံကို လူအုပ်ကြီးက ချွန်ထက်တဲ့ လက်နက်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ၊ ဒါဟာ အဓိကရုဏ်းကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်” လို့ သီရိလင်္ကာ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ခုချိန်မှာ လူအုပ်စုတစ်ချို့က လူမျိုးရေး အကြမ်းဖက်မှုတွေကို ကြိုးကိုင်ခြယ်လှယ်ပြီး နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းနေကြောင်း၊ ယင်းအခြေအနေကို ကာကွယ်နိုင်ဖို့ ကာဖျူးအမိန့်ထုတ်ထားခြင်း ဖြစ်ကြောင်း သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးလ် ဝီကရီမီဆင်းဟ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly