BPI ထုတ် မြွေဆိပ်ဖြေဆေးကို အခြား ၂ နိုင်ငံသို့ တင်ပို့ရောင်းချရန် ကြိုးပမ်း

BPI ထုတ် မြွေဆိပ်ဖြေဆေးကို အခြား ၂ နိုင်ငံသို့ တင်ပို့ရောင်းချရန် ကြိုးပမ်း
BPI ထုတ် မြွေဆိပ်ဖြေဆေးများအား တွေ့ရစဉ်။ ဓာတ်ပုံ-စက်မှုဝန်ကြီးဌာန

နေပြည်တော်၊ မေ ၁၄၊  ။           ။ အင်းစိန်ဆေးဝါးစက်ရုံ(BPI)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး အလုံး ၅၀၀၀ ကို ယခုနှစ်အတွင်း ကမ္ဘောဒီးယားနှင့်လာအိုသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်း  BPI မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။

“အင်ဒိုချိုင်းနားဒေသ ဆက်စပ်နေတာဖြစ်တဲ့ အတွက် မြွေမျိုးစိတ်ကလည်း လုံးဝ နီးပါး ဆင်တူပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီနိုင်ငံကိုရွေးချယ်ရခြင်းဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

အဆိုပါ ၂ နိုင်ငံသည် လက်ရှိတွင် မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် မြန်မာမှ တင်ပို့ရောင်းချနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း BPI မြွေပွေးနှင့် မြွေဟောက် ဖြေဆေး အလုံးရေ ၁၂၀၀၀၀ ထုတ်လုပ်ခဲ့ပြီး ယခုနှစ်တွင် အလုံးရေ ၃ သိန်းအထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

မေ ၁၃ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

တိုးမြှင့်ထုတ်လုပ်ထားသော မြွေဆိပ်ဖြေဆေးများကို ပျက်စီးဆုံးရှုံးခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ ကုန်ဆုံးသွားမှု မရှိစေရန် ပြည်ပ စျေးကွက်သို့ ယခင်နှစ်မှ စတင်ကာ အလုံးရေ ၅၀၀ ကို စမ်းသပ်ရောင်းချခဲ့ပြီး ယခုနှစ်တွင် အလုံးရေ ၅၀၀၀ အထိ ရောင်းချရန် လုပ်ဆောင်ခဲ့ကြောင်း ဦးကိုကိုအောင်က ဆိုသည်။

“အဲဒါကြောင့် ပြည်ပ စျေးကွက်အထိကို မျှော်မှန်းကြိုးစားလာတဲ့ အခြေအနေ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၁၈မှာ အလုံးရေ ၅၀၀ ကို စမ်းသပ်ပြီးတင်ပို့နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ကမ္ဘော ဒီးယား နိုင်ငံနဲ့ လာအို၊ လာအိုဆိုရင်လည်း သူ့နိုင်ငံက FDA က ကျွန်တော်တို့ BPI ဆေးဝါးစက်ရုံကို လာရောက် လေ့လာပြီးသွားပါပြီ ။ ကမ္ဘော ဒီးယားကိုတော့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်”ဟု ၄င်းက ဆိုသည်။

အဆိုပါ ၂ နိုင်ငံသို့  ရောင်းချမည့် နှုန်းထားမှာ ဆေးအရည် ၁ လုံးဆိုလျှင် ကျပ် ၄ သောင်းနှင့် အခဲပုံစံ ၁ ခု ဆိုလျှင်  ကျပ် ၄၈၀၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။

လက်ရှိတွင်လည်း အင်းစိန်(BPI) စက်ရုံ မြွေဆိပ်ဖြေဆေးများကို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း ၎င်းဆေးများ ဝယ်ယူနေကာ ကျေးလက်ဒေသမြို့နယ်အသီးသီးရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ၊ ဆေးရုံများတွင် မြွေပေါက်သည့် ပြည်သူလူထုများကို အခမဲ့ထိုးပေးနေသည်။

BPI(Burma Pharmaceutical Industry) စက်ရုံမှ ထုတ်သည့် မြွေဆိပ်ဖြေဆေးကို အရည် နှင့် Freeze (အခဲ) ၂ မျိုးထုတ်ကာ ၂ ဒီဂရီဆဲလ်ဆီးယပ် အပူချိန်အောက်တွင် သိမ်းဆည်းပါက သုံးနှစ်သက်တမ်းခံကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ BPI ဆေးဝါးစက်ရုံသည် ၁၉၅၈ ခုနှစ်တွင်    ဖွင့်လှစ်တည်ထောင်ခဲ့ပြီး ၁၉၆၂ ခုနှစ် ကတည်းကပင် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required