ဖိုးသော်အတွက် နေ့ရက်တိုင်းဟာ အမေများနေ့ဖြစ်သည်ဟုဆို

ဖိုးသော်အတွက် နေ့ရက်တိုင်းဟာ အမေများနေ့ဖြစ်သည်ဟုဆို

ONEChampionship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ဦးဖြစ်သည့် “ဘူရှီဒို” ဖိုးသော်ကနေ့ရက်တိုင်းသည် ၎င်းအတွက် အမေများနေ့ဖြစ်သည်ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

“ကျွန်တော်က အမေများနေ့တွေ ဘာတွေစောင့်ပြီး လက်ဆောင်ပေးတာမျိုးမရှိပါဘူး။ အမြဲတမ်းလိုလို ကိုယ်တတ်နိုင်တာကို လိုအပ်တဲ့ အချိန်တိုင်းပေးတယ်။ ကိုယ့်မိဘနဲ့ ပတ်သက်တာတွေပေါ့။ အတတ်နိုင်ဆုံး သူတို့စကားကို နားထောင်တယ်။ တတ်နိုင် သလောက်ထောက်ပံ့တယ်။ ပြုစုတယ်။ ဒါကတော့ ကျွန်တော် အမြဲတမ်းလုပ်နေကျပေါ့။ ကျွန်တော့် အတွက်ကတော့ နေ့တိုင်းအမေများနေ့ပဲ။ ဒီရက်ကျမှသတ်မှတ်ပြီး လုပ်တာမျိုးတော့ မဟုတ်ဘူး။ လိုအပ်တဲ့ အချိန်တိုင်း လုပ်ပေးတယ်”ဟု ဖိုးသော်က ဆိုသည်။

“ကျွန်တော်က သားအကြီးဆုံး။ အောက်မှာ ညီနှစ်ယောက်ရှိတယ်။ အမေကကျွန်တော့်ကို အများကြီး မျှော်လင့်ထားတယ်။ ကျွန်တော် လိုအပ်တာ မှန်သမျှ တတ်နိုင်သလောက် အကုန်လုပ်ပေးခဲ့တယ်။ သားသမီးတွေကို အမေက သူတတ်နိုင်တာ အကုန်လုပ်ပေးပါတယ်။ အခွင့်အရေးလည်း ညီတူညီမျှ ပေးတယ်။ ဒါပေမယ့် သံယောဇဉ် အရဆိုရင်တော့ အမေက ကျွန်တော်နဲ့ ပတ်သက်ရင် နည်းနည်းအခွင့်အရေး ပိုပေးတယ်လို့ ခံစားရတယ်။ ပိုပြီးတော့ စိုးရိမ်တယ်။ ပိုပြီးတော့ စိတ်ပူတယ်ပေါ့။ တခြားသူတွေနဲ့ စာရင်လေ”ဟု ဖိုးသော်က မိခင်နှင့် ၎င်းကြားက သံယောဇဉ်ကို ပြောပြခဲ့သည်။

ဖိုးသော်၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းအေးသည် မန္တလေးဇာတိ ဖြစ်ပြီးမောင်နှမ ၁၁ ယောက်အနက် အဋ္ဌမမြောက် သမီးဖြစ်သည်။ စီးပွားရေးဖြင့် ဘွဲ့ရခဲ့ပြီး ငယ်စဉ်က အစိုးရ စာရင်းစစ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ အိမ်ထောင်ကျပြီး သားသမီးများ မွေးဖွားသည့် အခါတွင်မူ ၎င်းတို့ကို အနီးကပ် ပြုစုပျိုးထောင်ရန် အလုပ်မှ ထွက်ကာ အိမ်ရှင်မ တစ်ဦးအဖြစ်သာနေထိုင်ခဲ့သည်။ ၁၉၉ဝ ဝန်းကျင်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ အခြေချခဲ့ပြီး ယခုအချိန်တွင် အသက် ၆၃ နှစ် ရှိပြီဟု သိရသည်။

ဆက်လက်ပြီး ဖိုးသော်က မိခင်ဖြစ်သူနှင့် ပတ်သက်သည့် အမှတ်တရ များနှင့်ပတ်သက်၍ “ငယ်ငယ်က ကျွန်တော် ကျူရှင်က ပြန်လာတော့ တီဗွီဂိမ်းရုံ ဝင်နေတယ်။ အမေက နောက်ကျလို့ ဆိုပြီး လိုက်ရှာတယ်။ ဂိမ်းဆိုင်မှာ ကျွန်တော့်ကို တွေ့သွားတော့ အထဲကို ဝင်မလာသေးဘဲ အပြင်ကနေ ကြည့်နေတယ်။ ကျွန်တော်ကလည်း ဂိမ်းကို အာရုံက ရောက်နေတော့ အပြင်မှာ အဒေါ်ကြီး တစ်ယောက် ကြည့်နေတယ်။ ငါမြင်ဖူးပါတယ် ဒီအဒေါ်ကြီးကို ဆိုပြီး စဉ်းစားနေတာ။ နောက်စက္ကန့်ပိုင်းလောက် ကြာတော့မှ ဟာ မြင်ဖူးမှာပေါ့။ ဒါ ငါ့အမေပဲ ဆိုပြီး သတိရသွားတယ်။ အဲလိုဖြစ်ဖူးတယ်။ အိမ်ကျတော့ အတီးခံရတော့တာပဲ”ဟု ရယ်ရယ်မောမောနှင့် ပြောပြခဲ့သည်။

ဖိုးသော်လည် လတ်တလောတွင် ONE Championship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ၈ ပွဲ ပါဝင် ကစားထားရာတွင် တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲအားလုံး အနိုင်ရထားသူ ဖြစ်သည်။ လာမည့် ဇွန်လ အတွင်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် ကျင်းပမည့်ONE:Legendary Quest ပြိုင်ပွဲတွင် ၎င်း၏ နဝမမြောက် ပြိုင်ပွဲအဖြစ်အင်ဒိုနီးရှား ကစားသမား VictorioSenduk နှင့် ယှဉ်ပြိုင် ထိုးသတ်ရန် လျာထားသည်။ သို့သော်
 ဖိုးသော်၏ မိခင်ဖြစ်သူမှာ ၎င်း၏သားဖြစ်သူ ယှဉ်ပြိုင်သည်ပွဲစဉ်များကို တစ်ပွဲမှ မကြည့်ဖူးခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော် ထိုးတဲ့ ပွဲတွေ အမေက လိုက်မကြည့်ဘူး။ အခုချိန်ထိလည်းတစ်ပွဲမှ မကြည့်ဖူးဘူး။ သူကတော့ ရှင်းရှင်းပြောရင် မထိုး စေချင်ဘူးပေါ့။ ကြည့်လည်း မကြည့်ရဲဘူး။ သူများနာတာလည်း သူမကြိုက်ဘူး။ ကိုယ့်သား နာတာလည်း သူမကြိုက်ဘူး။ ပထမဆုံး ပွဲမတိုင်ခင်အထိ မထိုးပါနဲ့ မထိုးပါနဲ့ ဆိုပြီး အမြဲပြောတယ်။ အခုနောက်ပိုင်းကျတော့ နိုင်အောင်ထိုး၊ဒဏ်ရာမရအောင် ရှောင်ဆော့။ အဲဒါမျိုး ပြောင်းပြောတယ်”ဟု ဖိုးသော်က မိခင်၏ စိတ်ထားနူးညံ့ပုံကို ပြောပြခဲ့သည်။

ဖိုးသော်ကို မိခင်ဖြစ်သူ အပေါ် အလုပ်ပေးချင်ဆုံး ဆန္ဒကို မေးမြန်းရာတွင်လည်း“ကျွန်တော့် ဘက်ကတော့ အမေလုပ်ချင်သမျှကို လုပ်ပေးနိုင်တဲ့သူ ဖြစ်ချင်တယ်။ အမေ ဘယ်သွားချင်လဲ။ ဘာလုပ်ချင်လဲ။ အဲဒီလို ဖြစ်ချင်တဲ့ ဆန္ဒကို ချက်ချင်း ဖြည့်ဆည်းပေး နိုင်တဲ့သူ ဖြစ်ချင်တယ်။ ကျွန်တော့် ဆန္ဒကလည်း အဲဒီလို လုပ်ပေးချင်တာ”ဟု ဖြေကြားသွား ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly