ရွှေလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှု သတင်းအတွက် ကုမ္ပဏီ ဖြေရှင်း

ရွှေလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှု သတင်းအတွက် ကုမ္ပဏီ ဖြေရှင်း
 အိဆင်းသွားသည့်ရွှေလုပ်ကွက် နေရာသို့ ဒေသခံတစ်ချို့ ရွှေလာရောက်တူးဖော်နေသည်ကို မေလ ၁၃ ရက်တွင် တွေ့ရစဉ်။(ဓာတ်ပုံ၊အောင်ခိုင်မြဲ။မဇ္ဈိမ)

မန္တလေး၊ မေ ၁၃ ။             ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာ၊ ထီးတင်တောင် လုပ်ကွက်ဧရိယာအတွင်းရှိ သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်၌ မေလ ၇ ရက်၊နံနက် ၂ နာရီက မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့မှုအတွက် ထွက်ပေါ်နေသော ကောလာဟလ သတင်းများအပေါ် ပျက်ဆီး ဆုံးရှုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီကြီးကြပ်ရေးမှူး ဦးမျိုးမင်းထွန်းကပြောသည်။

"တောင်ကြီးက အိကျလာတယ်။ကျွံကျသွားတယ်။အသက်အန္တရာယ်တွေ ထိခိုက်မှုမရှိဘူး။စက်ယန္တရားတွေ ထိုခိုက်မှုမရှိဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နားနေတဲ့ အချိန်ဖြစ်လို့။နားချိန်ဖြစ်လို့ လူ စက်ယန္တရား ထိခိုက်မှုမရှိဘူး။နည်းနည်းပါးပါး ပွန်းတာပဲ့တာတော့ရှိတယ်။ အသေအပျောက်လည်း မရှိပါဘူး။"ဟု ဦးမျိုးမင်းထွန်း ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် သက်တမ်းကုန်သည့် လုပ်ကွက်အတွင်းတွင် စက်ယန္တရားများဖြင့် ရွှေတူးဖော်နေစဉ် တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူအသေပျောက်လည်းရှိသည်ဟု ပျံ့နှံ့မှုများလည်းရှိနေခဲ့သည်။

"ကုမ္ပဏီက တူးဖော်ခွင့်သက်တမ်းကလည်း အခု ၂၀၁၉ကနေ ၂၀၃ဝအထိ ၁၁ နှစ်အထိရထားပါတယ်။ တစ်ချို့ လည်း ကောလာဟလပေါ့။ကုမ္ပဏီက သက်တမ်းကုန်နေတယ်ပေါ့။သက်တမ်းမရှိဘူးပေါ့။သက်တမ်းမရှိဘဲနဲ့ တရားမဝင်ခိုးတူတယ်ပေါ့။ အယ်လိုတွေပြောကြတာပေါ့။ကျွန်တော်တို့ ကုမ္ပဏီဝင်ပေါက်မှာ သက်တမ်း ရှိတယ် ဆိုတဲ့ဆိုင်းဘုတ်ရှိပါတယ်။အများပြည်သူသိအောင်လို့ပါ။အဲဒါကိုတစ်ချို့က မဟုတ်မမှန်သတင်းလွှင့်ပြီး အွန် လိုင်းမှာ သက်တမ်းကုန်နေပြီ ဘာညာဆိုပြီး ပျံ့နှံ့တာရှိတယ်ပေါ့။လူအသေပျောက်ရှိတယ်ဆိုလို့ ဒီနားက ရွာတွေက မိသားစုဝင်တွေလည်း လာစစ်ဆေးသလို သက်ဆိုင်ရာကလည်း စစ်ဆေးပါတယ်။ ပျောက်ဆုံးတာ မရှိပါဘူး။"ဟု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ ဦးမျိုးမင်းထွန်းက ပြောသည်။

လုပ်ငန်းနားသည့်အချိန်တွင် မြေစာပုံပြိုကျမှုခဲ့ခြင်းကြောင့် လုပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့သော်လည်း ၎င်းနေရာတွင် ရပ်ထားခဲ့သည့် စက်ယန္တရားတစ်စီး တစ်ဝက်ခန့် နစ်မြုပ်ခဲ့မှုဖြစ်ခဲ့ပြီး မေလ ၈ ရက်နေ့က ပြန်လည်ဆယ်ပြီးကြောင်း ဦးမျိုးမင်းထွန်းကဆိုသည်။

အဆိုပါဖြစ်ရပ်အတွက် မေလ ၉ ရက်၊ မွန်းလွဲ ၁ နာရီတွင် စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ ကွင်းဆင်း လာရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကုမ္ပဏီဝန်ထမ်းများနှင့်ရွှေတူးဖော်နေသည့် လုပ်သားများကို မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

"စစ်ဆေးပြီးပါပြီ။ ဖြစ်တဲ့နေ့ ကလည်း စစ်ဆေးခဲ့ပါတယ်။"ဟု စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဆန်းနိုင်ထွန်း ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှု အနီးတွင်ရှိသော ငပြင်းအင်းကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် ဦးသိန်းဝင်းက ဖြစ်ပွားစဉ်တွင် လူများသေဆုံးမည်ဟု ထင်ခဲ့သော်လည်း ဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှု့ခဲ့ရာ လူသေဆုံးမှု မရှိခဲ့ဟု ဆိုသည်။

"ဘယ်သူမှမသေဘူး။ ရွာက ကလေးတွေ ပါသွားလားဆိုပြီး မေးမိတော့ ဦးလေး ကျွန်တော်တို့မပါဘူး။ အကုန်ရှိတယ်လို့ပြောမှ စိတ်အေးရတယ်။"ဟု ဦးသိန်းဝင်းကပြောသည်။

အဆိုပါဖြစ်ပွားသည့် နေရာတွင် စောင့်အိပ်သည့် ကုမ္ပဏီဝန်ထမ်းများဖြစ်ကြသော  ဦးကောက်၊ ကိုကျော်သူ ထွေး၊ ကိုမုံလေးနှင့် ကိုကျာ်မျိုးသူ တို့တွင် ဖြစ်စဉ်ကြောင့် ပွန်းပဲ့ဒဏ်ရာ အချို့သာ ရရှိခဲ့ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သူများကို လိုအပ်သည့် ကုသမှုများပြုလုပ်ပေးနေကြောင်း အဆိုပါနေရာသို့ မဝင်ရောက်ရန် တားမြစ်ထားသော်လည်း ဒေသခံအချို့က ဝင်ရောက်တူးဖော်ခြင်းများရှိနေ၍ အသက် အန္တရာယ်နှင့်ကြုံတွေ့မည်ကို စိုးရိမ်လျက်ရှိသည်ဟု သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီ၏ကြီးကြပ်ရေးမှူး ဦးမျိုးမင်းထွန်း က ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly