မြန်မာ-အီးယူ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ယနေ့စတင်

မြန်မာ-အီးယူ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ယနေ့စတင်
(ဓာတ်ပုံ-ဦးလွင်)

ဂျာမနီ နှင့် အီးယူက ယူရို ၁၀ဒသမ၅သန်းထောက်ပံ့

နေပြည်တော်၊ အောက်တိုဘာ ၆။         ။ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)တို့က ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(Trade Developent Programme)ကို ယနေ့ အောက်တိုဘာ ၆ရက်တွင် တရားဝင်စတင် လိုက်ပြီဖြစ်သည်။ ယင်းအစီအစဉ်ကို အထည်ဖော်နိုင်ရန်အတွက် ဥရောပ သမဂ္ဂ(EU)နှင့် ဂျာမနီနိုင်တို့က ယူရိုငွေ ၁၀ ဒသမ၅သန်း အကူအညီပေးမည် ဖြစ်ကြောင်းလည်း ဥရောပ သမဂ္ဂ(EU)က ထိုနေ့တွင်ပင် သတင်းထုတ်ပြန်ခဲ့သည်။

"မြန်မာဟာ လမ်းဆုံလမ်းခွကိုရောက်နေပါတယ်။ မြန်မာဟာ မြန်မာပြည်သူတွေရဲ့ အကျယ်ပြန့်ဆုံး အကျိုးစီးပွားအတွက် အီးယူလို ဦးစားပေးဈေးကွက် ဝင်ခွင့်ပေးမှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးရဲ့ အခွင့်အလမ်းတွေကို အကောင်းဆုံး အသုံးချနိုင်ရေးဟာ မရှိမဖြစ်အရေးကြီးပါတယ်။ အီးယူ-မြန်မာ ကုန်သွယ်ရေးဖွံ့ဖြိုးမှုအစီအစဉ်က ဒီပန်းတိုင်ကို ပံ့ပိုးမှာဖြစ်သလို အစားအစာရဲ့ အရည်အသွေးနဲ့ စားသုံးသူအားကာကွယ်ပေးမှုကို တိုးတက်အောင်ဆောင်ရွက်မှာဖြစ်ပါတယ်။

နောက်ပြီး အလုပ်အကိုင်တွေဖန်တီးပြီး ဝင်ငွေမြင့်မားစေမယ့် ကုန်သွယ်ရေးအခြေခံအဆောက်အအုံကို ခေတ်မီအောင်လုပ်ဆောင်ပြီး ပို့ကုန်မြင့်တင်ရေးကိုလည်းလုပ်ဆောင်သွားမှာပါဟု အီးယူ သံအမတ်ကြီး ရိုလန်ကိုဘီယာက အောက်တိုဘာ ၆ရက်က နေပြည်တော် Kempinskiဟိုတယ်တွင် သတင်းထောက်များကို ပြောသည်။

မြန်မာနိုငံနှင့်ဥရောပသမဂ္ဂ(EU)တို့သည် အောက်တိုဘာလ(၆)ရက်နေ့တွင် တရားဝင်စတင်ခဲ့သည့်   ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး(T.D.P)အစီစဉ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု မူဝါဒ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရး၊ အစားအသောက်လုံခြုံစိတ်ချရမှု၊  စားသုံးသူကာကွယ်ရေး အရည်အသွေးစံချိန်စံညွှန်း ကိစ္စရပ်များကို အဓိက ပံ့ပိုးကူညီ အထောက်အကူပြုမည် ဖြစ်ကြောင်း မြန်မာ-အီးယူ ပူးတွဲ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကလည်း အဆိုပါအစီအစဉ်၏ လုပ်ငန်းစဉ်များကိုနိုင်ငံတကာ ကုန်သွယ်မှုအသိုင်းအဝိုင်းတွင်အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။                                    

“အခုလောလောဆယ် လုပ်ကိုင်ဆောင်ရွက်နေတာက ငါးလုပ်ငန်းရယ်၊ ပြီးတဲ့အခါကျရှိရင် စိုက်ပျိုးရေး လုပ်ငန်းကထွက်တဲ့ပစ္စည်းတွေရယ်၊ အဝတ်အထည်လုပ်ငန်းကထွက်တဲ့ ပစ္စည်းတွေရယ် အဲ့ဒီသုံးမျိုး ကိုတင်ပို့ နေပါတယ်။ ဒါပေမယ့်EU အနေနဲ့ ဒီထက်မက ပိုပြီးတော့ ကြီးမားအောင်လုပ်ချင်တယ်။မြန်မာနိုင်ငံအနေနဲ့တခြား ကုန်ပစ္စည်းတွေကိုလည်း တင်ပို့နိုင်အောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်ပေး သွားနိုင်မှာဖြစ်ပါတယ်"ဟု သံအမတ်ကြီးက ပြောသည်။

ယင်းလုပ်ငန်းများ တိုးတက်အောင်မြင်ပါက မြန်မာနိုင်ငံအတွက် အကောက်အခွန်များရရှိအောင် မျှော်လင့်ထားကြောင်း နှင့် အခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှသာ အလုပ်အကိုင် အခွင့်အလမ်းလည်း ဖွံ့ဖြိုးမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။             

အီးယူ-မြန်မာ ကုန်သွယ်ရေးဖွံ့ဖြိုးမှုအစီအစဉ်ကို အောက်တိုဘာ ၆ ရက်က နေပြည်တော် Kempinski ဟိုတယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာတို့က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာကျွမ်းကျင်သူများ၊ နိုင်ငံတကာမှသက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

TDP သည် ဂျာမာန် Gesellschaft für InternationaleZusammenarbeit(GIZ) က အကောင်အထည်ဖော်သော သုံးနှစ်ကြာ နည်းပညာအကူအညီပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနနှင့် အခြားဝန်ကြီးဋ္ဌာနများမှ အဓိကသက်ဆိုင်သူများအပြင် ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များနှင့်ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းအစီအစဉ်အရ ကနဦးအနေဖြင့် အီးယူသို့ တင်ပို့ရန် အလားအလာကောင်းသည့် ရေထွက်ပစ္စည်းနှင့် ပဲ ကဏ္ဍနှစ်ခုကို စူးစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ရေထွက်ပစ္စည်းကဏ္ဍတွင် အီးယူသို့တင်ပို့ကုန်များကို အခိုင်အမာဆောင်ရွက်ထားပြီးဖြစ်သည်။ ပဲများမှာအီးယူ၏ စည်းကမ်းများနှင့်အညီ ကိုင်တွယ်ထုတ်ပိုးရေးက ဒုတိယဦးစားပေးဖြစ်သည်။ အစီအစဉ်က ၂၀၁၇ခုနှစ် ဒီဇင်ဘာအထိ ဆောင်ရွက်မည်ဖြစ်သည်။ ဘတ်ဂျက်အဖြစ် ယူရိုငွေ ၁၀ဒသမ၅သန်းကို အီးယူနှင့် ဂျာမနီတို့က ထောက်ပံ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required