ဘာသာတရား၏ ဆုံးမမှုကိုလိုက်နာလျှင် ငြိမ်းချမ်းမည့်ကမ္ဘာကို တည်ဆောက်နိုင်မည်ဟု သမ္မတဦးဝင်းမြင့်ဆို

ဘာသာတရား၏ ဆုံးမမှုကိုလိုက်နာလျှင် ငြိမ်းချမ်းမည့်ကမ္ဘာကို တည်ဆောက်နိုင်မည်ဟု သမ္မတဦးဝင်းမြင့်ဆို
ဓာတ်ပုံ - သမ္မတရုံး

ရန်ကုန် ၊ မေ ၁၃ ။          ။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတိုင်း၏ဆိုဆုံးမမှုကို လိုက်နာကျင့်ကြံလျှင် ငြိမ်းချမ်းသာယာသည့် ကမ္ဘာကို တည်ဆောင်နိုင်မည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

မေလ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနမ်ပြည်နယ်ရှိ Tam Chuc International Buddhist Convention Center တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနား၌ သမ္မတဦးဝင်းမြင့်က ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းသည် မိမိတို့ကိုယ်တိုင် ကောင်းစွာထိန်းသိမ်းရန်၊ အခြားသူများကို လေးစားရန်၊ လောဘနှင့် မုန်းတီးမှုများ လျှော့ချရန်နှင့် ချုပ်ငြိမ်းရန် အသီးသီး ဆုံးမခဲ့ကြပါသည်” ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

ယင်းအတွက်ကြောင့် ကိုယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမများကို ကျင့်ကြံလိုက်နာအားထုတ်ကြလျှင် သဟဇာတမျှတသည့် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးကို တည်ဆောက် နိုင်ကြမည်ဟု ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် လူသားများအနေဖြင့် မေတ္တာ၊ အနှိုင်းမဲ့ ကရုဏာ နှင့် ခန္တီတရားတို့ လက်ကိုင်ထားပါက ဘုံ ရည်မှန်းချက် ဖြစ်သည့် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတို့ကို ပေးနိုင်ကြမည်ဟုလည်း သမ္မတ ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာကြီး၌ အကြမ်းဖက်မှုများ နှင့် အနိဋ္ဌာရုံများ များပြားလာနေခြင်းကြောင့် ဗုဒ္ဓ၏ အဆုံးအမများ ဖြစ်သည့် ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာ နေထိုင်နိုင်ရေးကို ဦးတည်သည့် ဗုဒ္ဓနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းသည် မှန်ကန်သည်ဟုလည်း သမ္မတဦး ဝင်းမြင့်က ဆိုသည်။

မေလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ဗုဒ္ဓနေ့အခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ မှတ်တမ်းဗွီဒီယိုကို ပြသခဲ့ပြီးနောက်  ဗီယက်နမ်အမျိုးသားဗုဒ္ဓ သံဃာ့အဖွဲ့ဗဟိုနာယက နှင့် ဗီယက်နမ်ဝန်ကြီးချုပ် တို့က ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဂေါတမမြတ်စွာဘုရား ဖွားမြင်တော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ရရှိသည့်နေ့ နှင့် မဟာပရိနိဗ္ဗာန် စံဝင်သည့် နေ့တို့ ဖြစ်ပေါ်ခဲ့သည့် နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့ကို ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားကို ၂ဝဝဝ ပြည့်နှစ်က နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ကာ ယခုနှစ် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ဗီယက်နမ်နိုင်ငံမှာ မေ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပ နေခြင်းဖြစ်သည်။ အဆိုပါပွဲကို ကမ္ဘာ့တဝှမ်းရှိ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ် ၁၆ဝဝ ကျော်နှင့် ဗီယက်နမ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ၂ဝဝဝဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly