ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်

ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ကိုယ်ဝန်ဆောင်မေမေတို့ စားသင့်တဲ့အစားအစာတွေကို တော်တော်များများသိထားကြပြီးဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်ချိန် စားသင့်တဲ့အာဟာရတစ်မျိုးအကြောင်း လေ့လာတွေ့ရှိမှုတစ်ခုကို မျှဝေပေးချင်တယ်။ ကိုယ်ဝန်လနုစဉ်အတွင်း အစေ့အဆန်တွေစားသုံးရင် မွေးလာတဲ့ကလေး ဉာဏ်ပိုကောင်းတယ်လို့ သုတေသီက ပြောလာပါတယ်။

ဒီမိခင်တွေကနေ မွေးလာတဲ့ကလေးတွေက မှတ်ဉာဏ်ပိုကောင်းတယ်၊ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းတယ်၊ တွေးတောနိုင်စွမ်းပိုကောင်းတယ်လို့ တွေ့ရှိရပါတယ်။

ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တစ်ပတ်ကို လက်သုံးဆုပ်စာ (၉၀ ဂရမ်) လောက်စားမယ်ဆို အကောင်းဆုံးပါပဲတဲ့။

သစ်ကြားသီး၊ ဗာဒံစေ့၊ မြေပဲ၊ ဖရုံစေ့ တိုု့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးအတွက်အကျိုးပြုအဆီဓာတ် fatty acids တွေပါရှိပါတယ်။

ဒီသုတေသနကို Barcelona Institute for Global Health မှ ပညာရှင်တွေက မိခင်နဲ့ကလေး အယောက် ၂၂၀၀ ကို လေ့လာခဲ့တာဖြစ်ပါတယ်။

ပါဝင်သူအမျိုးသမီးတွေကို စားသောက်ပုံအလေ့အထနဲ့ပတ်သက်ပြီး မေးခွန်းတွေဖြေစေခဲ့ပြီး ကလေးတွေကိုလည်း စစ်ဆေးမှုတွေအများအပြားပြုလုပ်ခဲ့ပါတယ်။

ကလေးတွေရဲ့အသက် ၁၈ လ၊ ၅ နှစ်နဲ့ ၈ နှစ်အရွယ်တွေမှာ တွေးခေါ်နိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကို စစ်ဆေးခဲ့တာပါ။

စစ်ဆေးမှုရလဒ်တွေမှာတော့ ကိုယ်ဝန်လနုစဉ် အစေ့အဆန်အများဆုံးစားခဲ့တဲ့ မိခင်တွေရဲ့ကလေးတွေက အမှတ်အမြင့်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။

“ ကိုယ်ဝန်ဆောင်ချိန်အစေ့အဆန်စားခြင်းက ကလေးရဲ့ဦးနှောက်အာရုံကြောအတွက် ရေရှည်အကျိုးကျေးဇူးကို တွေ့ရှိတာ ပထမဆုံးပါ။ အဓိကတော့ ကိုယ်ဝန်ကာလအတွင်းမှာ ဦးနှောက်က ဖြစ်စဉ်တွေအမျိုးစုံလုပ်ဆောင်နေတာဖြစ်တယ်၊ မိခင်စားသုံးတဲ့အာဟာရက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ သက်ရောက်မှုအရေးပါတယ်ဆိုတာပါပဲ။” လို့ ဦးဆောင်သုတေသီ Florence Gignac ကပြောပါတယ်။

ဒီသုတေသနရဲ့အဓိကအချက်ကတော့ ဒီအစေ့အဆန်တွေမှာ ဖောလစ်အက်စစ်ပါဝင်မှုများတယ်၊ အထူးသဖြင့် omega-3 နဲ့ omega-6 တို့လို အကျိုးပြုအဆီဓာတ်တွေပါဝင်တယ်ဆိုတော့ အကျိုးကျေးဇူးပိုကောင်းတာပါလို့ သူကဆိုပါတယ်။

ဒီဓာတ်တွေက အာရုံကြောတစ်ရှူးအတွင်း၊ အထူးသဖြင့် မှတ်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်းလုပ်ဆောင်ချက်တွေနဲ့ဆိုင်တဲ့ ဦးနှောက်အရှေ့ခြမ်းမှာ အကျိုးပြုတာဖြစ်ပါတယ်။

သုတေသနမှာ ကိုယ်ဝန်ပထမသုံးလ နောက်ပိုင်း အစေ့အဆန်စားသုံးမှုကိုလည်း လေ့လာခဲ့ပေမယ့် အကျိုးရလဒ်နည်းတာကို တွေ့ရပါတယ်။

အစေ့အဆန်နဲ့အခွံမာသီးတွေဟာ သွေးတိုးနဲ့ဆီးချိုအန္တရာယ်နည်းပါးစေပြီး အသက်ကြီးသူတွေမှာ စိတ်ခွန်အားလျော့ကျခြင်းကိုကာကွယ်နိုင်တယ်ဆိုတာသိထားကြပြီးသားဖြစ်ပါတယ်။

အစေ့အဆန်တွေက အမျှင်ဓာတ်များပါတယ်။ အရသာမဖြည့်စွက်ထား၊ ပြုပြင်စီမံမထားတဲ့ အစေ့အဆန်တွေက ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီဓာတ်တော့ကြွယ်ဝတာကြောင့် ထိုက်သင့်တဲ့ပမာဏထက် မလွန်ကဲအောင် ချင့်ချိန်စားဖို့တော့ လိုပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required