ရေခဲတောင်တက်ရင်း ပျောက်ဆုံးခဲ့သည့် သမီးဖြစ်သူအတွက် ဖခင်က တရားစွဲရန်ပြင်ဆင်နေ

ရေခဲတောင်တက်ရင်း ပျောက်ဆုံးခဲ့သည့် သမီးဖြစ်သူအတွက် ဖခင်က တရားစွဲရန်ပြင်ဆင်နေ

ရန်ကုန်၊ မေ ၁၂ ။          ။ ဖန်ဂရန်ရာဇီရေခဲတောင်ကိုတက်ရင်း ခြေချော်ပြုတ်ကျခဲ့ပြီး တစ်လကျော်ကြာပျောက်ဆုံးနေသော မစိမ့်ထက်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူ ဦးမောင်မောင်လေး က တောင်တက်အဖွဲ့ခေါင်းဆောင်ကို တရားစွဲရန် စတင်ပြင်ဆင်နေကြောင်း မဇ္စျိမသို့ ပြောသည်။

“ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတစ်ယောက် အဲဒီလိုကြီး လူသေမှုဖြစ်သွားတယ်ဆိုတာတော့ မလုပ်ချင်ဘူးဆိုတာ အလကားပြောတာ။ စိတ်ဆန္ဒကတော့ ရှိတာပေါ့။ ခေါင်းဆောင်ပဲ အဓိက က ခေါင်းဆောင် ပါပဲ။ သူ ပေါ့ညံ့လို့ အဲ့လိုဖြစ်သွားတာ” ဟု ဦးမောင်မောင်လေး က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါ The Summiter တောင်တက်အဖွဲ့သည် ဖန်ဂရန်ရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့သည်။ ထို့နောက် တောင်ပေါ်မှ ပြန်အဆင်းတွင် မစိမ့်ထက်ဆိုသူအမျိုးသမီးက ခြေချော်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု တောင်တက်အဖွဲ့အဆိုအရ သိရသည်။  

ယခုဖြစ်စဉ်အပေါ် တောင်ပေါ်သို့ စတင်တက်ကတည်းက သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ခြင်း၊ လုံခြုံရေး ကြိုးများကို ချိတ်ဆက်အသုံးမပြုခဲ့ခြင်းများအပြင် ပေါ့ဆမှုများကြောင့်ဖြစ်သည်ဟု မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေး က ပြောဆိုသည်။

ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၅ ယောက် ပါဝင်သော ကယ်ဆယ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဧပြီလ ၂၆ ရက်နေ့တွင် ရှာဖွေရေး လုပ်ဆောင်ခဲ့ကာ ရာသီဥတု ကြမ်းတမ်းသည့်ကြားမှ မေ ၄ ရက်နေ့တွင် ပျောက်ဆုံးနေသူ မစိမ့်ထက်၏  ဂျာကင်နှင့် မျက်မှန်ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် ခန္ဓာကိုယ်ကိုတော့ မတွေ့ရှိခဲ့ရဘဲ ဆက်လက်ရှာဖွေခဲ့ပြီး မေ ၈ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့မှ ပူတာအိုကို ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြုတ်ကျခဲ့သည့် ချောက်မှာ နက်လွန်းပြီး မတ်ဆောက်သည့်အတွက် လက်ရှိတွင် ပျောက်ဆုံးနေသူကို သေဆုံးသွားပြီဟု သတ်မှတ်ထားကာ ရေခဲများ အရည်ပျော်သည့် အချိန်ရောက်မှ ပြန်လည် ရှာဖွေတွေ့ရှိ နိုင်လောက်သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

 “ ကျွန်တော်လက်ရှိကတော့ ကျွန်တော့်သမီးရဲ့ Dead Body လေး ပြန်ရပါစေလို့ပဲ ကျွန်တော် ဆုတောင်းပါတယ် ” မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောသည်။

ယင်းဖြစ်စဉ် စတင် ဖြစ်ပေါ်ကတည်းက လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများရှိခဲ့ပြီး မဇ္ဈိမမှ တောင်တက် အဖွဲ့ဘက်သို့ ထပ်မံမေးမြန်းသွားရန်လည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly