တစ်မိသားစုတည်းနေ မဲဆန္ဒရှင်များ မဲပေးရာတွင် မဲရုံများ ကွဲပြားဦးမည်ဟု တိုင်းကော်မရှင် ကြိုတင်အသိပေး

တစ်မိသားစုတည်းနေ မဲဆန္ဒရှင်များ မဲပေးရာတွင် မဲရုံများ ကွဲပြားဦးမည်ဟု တိုင်းကော်မရှင် ကြိုတင်အသိပေး

ပုသိမ်၊ အောက်တိုဘာ ၆။        ။ မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်နေသည့်အပေါ် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ တွင်လည်း တစ်မိသားစုတည်းနေ မဲဆန္ဒရှင်များ မဲရုံတစ်ရုံတစ်ရုံတည်းတွင် အတူတကွ မဲပေးရမည်မဟုတ်ဘဲ ကွဲပြားသည့် မဲရုံများတွင် မဲသွားပေးကြရမည်ဟု ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက တင်ကြိုသတိပေးလိုက်သည်။

မဲဆန္ဒရှင်စာရင်းများကို အက္ခရာစဉ်အလိုက် စဉ်ထားခြင်းကြောင့် မဲနံပတ်များ ကွဲပြားကာ ရွေးကောက်ပွဲတွင် မဲပေးရမည့် မဲရုံများ ကွဲပြားဦးမည်ဟု ဧရာဝတီတိုင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောခြင်းဖြစ်သည်။ " နံပတ်စဉ်တွေ ကွာကုန်မှာကိုးဗျ။ မိသားစု တစ်စုထဲမှာ နံပတ်စဉ်တွေ ကွာနေတော့ မဲပေးတဲ့အခါ မဲရုံတွေလည်း ကွာကုန်မှာပေါ့။ အဲ့ဒါ အဖေက မဲရုံတစ်ရုံ အမေက မဲရုံတစ်ရုံ အဲ့ဒါဖြစ်မှာတော့ သေချာသလောက် ရှိတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း ကော်မရှင်သည် မဲစာရင်းအမှားအယွင်းများကို ပြန်လည် ပြင်ဆင်နေပြီး ထပ်မံပြင်ဆင်ထားသည့် စာရင်းများကို အောက်တိုဘာ ၂၀ ရက်မှ ၂၇ ရက်အတွင်း ထပ်မံ ထုတ်ပြန်ဦးမည်ဖြစ်သည်။ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၆ ရက်အတွင်း မဲဆန္ဒရှင်များသို့ မဲပေးခွင့်လက်မှတ်များ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိသည်။

“မဲဆန္ဒရှင်က သူဘယ်မဲရုံမှာ ပေးရမလဲ ဆိုတာ အဲ့ဒီအထဲမှာပါမယ်။ မဲရုံရောက်လို့ရှိရင် သူ့ရဲ့ မဲပြားနံပတ်က ဘယ်လောက်လဲဆိုတာပါမယ်။ အဲ့ဒီမှာ ထူးခြားတာက မဲဆန္ဒရှင်က ဘယ်မဲရုံမှာ မဲပေးရမလဲဆိုတာ ပါမယ်” ဟုလည်း ပြောသည်။

မဲစာရင်း မှားယွင်းမှုများအပေါ် ဝေဖန်မှုကို ခံရခက်သည်ဟု ဦးမြင့်အောင်ကဆိုကာ မိမိတို့အမှားမဟုတ်ဘဲ “ မှားတာတော့ မဟုတ်ဘူး ဘယ်လိုပြောမလဲဗျာ ကျနော်တို့ စရိုက်နဲ့ မကိုက်ဘူးပေါ့ ကျနော်တို့ ဓလေ့နဲ့ မကိုက်ဘူး” ဟု ဖြေရှင်း တုန့်ပြန်သည်။ “ဝေဖန်မှုတွေက တော်တော် ပြင်းထန်နေတာ ကျနော်တို့လည်း တော်တော် ခံရခက်တယ်ဗျ” ဟုလည်း မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly