လေယာဉ်ဦးစိုက်ဆင်းခဲ့ရမှုရှိသော်လည်း တံတားဦးလေဆိပ် ပုံမှန် ပြန်လည်ပတ်နေ

လေယာဉ်ဦးစိုက်ဆင်းခဲ့ရမှုရှိသော်လည်း တံတားဦးလေဆိပ် ပုံမှန် ပြန်လည်ပတ်နေ
ဓာတ်ပုံ-MNA

ရန်ကုန်၊ မေ ၁၂ ။                   ။ လေယာဉ်ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ လေယာဉ် ရှေ့ဦးပိုင်းစိုက် အနေအထား ဖြင့် ဆင်းသက်ရမှု ဖြစ်ပွားခဲ့သည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းဆောင်တာများကို ပုံမှန် ပြန်လည်ပတ်နေပြီဟု လေကြောင်းထိန်းသိမ်းရေးဌာန ဌာနမှူး ဦးကျော်ဆန်းက မဇ္စျိမသို့ ပြောသည်။

“ ၃နာရီခွဲမှာ အားလုံးဖွင့်သွားပါပြီ။ ပြေးလမ်းပေါ်ကလေယာဉ်ကြီးကိုလည်းရွှေ့ပြီးပါပြီ ” ဟု ၎င်းကဆိုသည်။

မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က Myanmar National Airlines လေယာဉ် ခရီးစဉ် အမှတ် UB103 ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ လေယာဉ် ရှေ့ဦးပိုင်းစိုက်အနေအထား ဖြင့် ဆင်းသက်ခဲ့ရမှု ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ထားခဲ့လိုက်ရခြင်းဖြစ်ပြီး ခရီးသည်များလည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှစစ်ဆေးသွားမည်ဖြစ်ပြီး လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသည့်အတိုင်း လုပ်ဆောင်သွားရန်ဖြစ်သည်ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။

“Black Box တွေစစ်မှာ ဒါတွေကနောက်မှ ကြာမှာ။ လေယာဉ်မှူးကတော့ အကုန်ဝိုင်းချီးကျူးခံနေရတယ်။ သူ တော်လို့ပေါ့။ အရေးယူမယ့်အပိုင်းကတော့ ရှိမယ်မထင်ပါဘူး။ ဖြစ်စဉ်ကိုတော့ ဘာကြောင့်ဖြစ်ရလဲ၊  အားနည်းချက်ပေါ့။ စက်မှုပိုင်းအားနည်းချက်လား ဘာလား ဒါတော့ ထုံးစံအတိုင်းတော့လုပ်ရမှာလေ” ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်မှာ လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်း တွေ့ရှိရသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း Nose Landing Gear သည် ကျမလာခဲ့သောကြောင့် လေယာဉ်ဆီကုန်အောင် ပျံသန်းပြီးမှ ဦးစိုက်အနေအထားဖြင့် ရအောင်ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကပ္ပတိန် မြတ်မိုးအောင်သည် ၂၀၁၇ ခုနှစ်က မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် UB-202 စစ်တွေ-ရန်ကုန် Embraer-190 လေယာဉ်ခရီးစဉ်တွင်လည်း လေယိုစိမ့်မှုဖြစ်ပွားခဲ့သော်လည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သူ ဖြစ်သည်။

ယခုကဲ့သို့ လေယာဉ်အရေးပေါ်ဖြစ်ခြင်းမျိုးမှာ ရန်ကုန်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တာကြောင့် မေလ အတွင်းမှာပင် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly