ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရဆောင်ရွက်ချက်များကို အာဆီယံ ထောက်ခံ

ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရဆောင်ရွက်ချက်များကို အာဆီယံ ထောက်ခံ
ဓာတ်ပုံ - AFP

မေ ၁၂ ။        ။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရဆောင်ရွက်ချက်များကို အာဆီယံမှ ထောက်ခံပြီး  မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အစိုးရများနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၂၀၁၉ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်သည်။

“တကယ်တမ်းမှာလည်း မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ကျွန်မတို့ ထောက်ခံပါတယ်။ အထူးသဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခဲ့တာ၊ အကောင်အထည်ဖော်ဆောင်မှုကို အပြန်အလှန် ဖလှယ်လုပ်ကိုင်မှုတွေ နှံ့နှံ႔စပ်စပ် လုပ်ကိုင်ခဲ့တာတွေကို ထောက်ခံလိုပါတယ်။ ဒါကတော့ အာဆီယံဒေသမှာ ကျွန်မတို့ လုပ်ကိုင်နေတာကို ပြောပြချင်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ကျွန်မတို့ ဝန်ကြီးဟာလည်း မြန်မာနဲ့အကြား တကယ့်လက်တွေ့ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့အကြားလည်း လုပ်ခဲ့တယ်။ ဒါက ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ခုလို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ အရေးကြီးတဲ့အပိုင်းက ဆွေးနွေး တိုင်ပင်ညှိနှိုင်းမှု ဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ Ms.Busadee Santiptitaks ( Director General) က ဧပြီလ နောက်ဆုံးပတ်တွင် ထိုင်း၌ မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရဲစခန်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး တပ်မတော်မှ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် ဘင်္ဂါလီသိန်းဂဏန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရမှ ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်၊ လွတ်လပ်သော စုံစမ်းရေး ကော်မရှင်များ ဖွဲ့စည်းလုပ်ကိုင်နေကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် စီစဉ်နေသည်ဟု ပြောဆိုထားသည်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေးမှုတွေမှာလည်း တိုးတက်မှုတွေ ရှိပါတယ်။ ဒါက အနာဂတ်မှာ အဓိကကျမယ့် လုပ်ငန်းစဉ် ဖြစ်လာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”ဟု Ms.Busadee Santiptitaks က ဆိုသည်။

နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် သဘောတူညီမှုရှိထားသော်လည်း လက်ရှိအချိန်ထိ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တစ်ယောက်မှ ဝင်ရောက်လာခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းများအား ပြန်လည် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့ Parkroyal ဟိုတယ်၌ မေ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အာဆီယံအဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်းဘက်မှ“ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အဖွဲ့တို့ကလည်း ACDM ကနေတဆင့် ရခိုင်ပြည်နယ်က ထိခိုက်ခံ ဒေသတွေဆီ သွားရောက်ပြီး ကနဦး အခြေအနေ အကဲဖြတ်မှုတွေလည်းလုပ်ထားခဲ့ပါတယ်။ ရခိုင်မှာ သူတို့ မတ် ၄ ရက်ကနေ ၁၃ ရက်အတွင်း သွားရောက်ခဲ့တယ်။ ခု ကျွန်မတို့ အစီရင်ခံစာကို စောင့်နေပါတယ်။ ဒါကတော့ ပထမခြေလှမ်းပေါ့။ ဒါက အာဆီယံရဲ့ ပူးပေါင်းပါဝင်မှု၊ အတွင်းရေးမှူးချုပ်ရဲ့ မြေပြင်ကွင်းဆင်း အခြေအနေကို သွားကြည့်တာဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

လက်ရှိတွင် အာဆီယံအနေဖြင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီများအပြင် ကူညီစောင့်ရှောက်မှုများကိုပါ ဆောင်ရွက်ပေးရန် ဆန္ဒရှိနေကြောင်း အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ထိုင်းဘက်မှ ပြောဆိုထားသည်။

၁၉၆၇ ခုနှစ်တွင် အာဆီယံကို စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly