လေယာဉ်မှူးအပါအဝင် ပူးပေါင်းကူညီခဲ့သော ခရီးသည်များ၊အဖွဲ့သားများကို လေကြောင်းလိုင်းမှ ကျေးဇူးစကားဆို

လေယာဉ်မှူးအပါအဝင် ပူးပေါင်းကူညီခဲ့သော ခရီးသည်များ၊အဖွဲ့သားများကို လေကြောင်းလိုင်းမှ ကျေးဇူးစကားဆို
ဓာတ်ပုံ-MNA

မေ ၁၂ ။                           ။ လေယာဉ်ဦးစိုက်အနေအထားဖြင့် ရပ်တန်ခဲ့ရမှုအပေါ် အရေးပေါ်အခြေအနေ၌ ဆုံးဖြတ်ချက် မှန်ကန်စွာနှင့် မောင်းနှင်ပေးခဲ့သော လေယာဉ်မှူးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သောခရီးသည်များ၊ လေယာဉ်အဖွဲ့သားများအား မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ကျေးဇူးတင်စကား ဆိုခဲ့သည်။

“ လေယာဉ်အဖွဲ့သားများနှင့် ညီညွတ်စွာ ဆောင်ရွက်ခဲ့သော ခရီးသည်များအားလည်းကောင်း၊ လေယာဉ် အရေးပေါ် အခြေအနေ ၌ ဆုံးဖြတ်ချက်မှန်ကန်စွာ နှင့် ဘေးကင်းစွာ မောင်းနှင်ပေးခဲ့သော Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FO မျိုးသီဟအောင်၊ တို့အားလည်းကောင်း၊ Cabin Crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန်အောင်၊ မခိုင်ဇာလင်း၊ မဥမ္မာအောင်တို့အားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း နှင့် ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်” ဟု မေ ၁၂ ရက် နေ့လယ် ၁ နာရီတွင် MNA မှ သတင်းထုတ်ပြန်သည်။

မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က Myanmar National Airlines လေယာဉ် ခရီးစဉ်အမှတ် UB103 ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ လေယာဉ် ရှေ့ဦးပိုင်းစိုက် အနေအထား ဖြင့် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

“ လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်း တွေ့ရှိရသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း Nose Landing Gear သည် ကျမလာပါ။ ထို့အတွက် Captain က လေကြောင်းထိန်းမျှော်စင်သို့ Nose Landing Gear ကျ၊ မကျ ကြည့်ပေးပါရန် ၂ ကြိမ်ဝဲပတ်ပျံသန်းပြခဲ့ပါသည်။ ထို့နောက် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် ၀၉၀၉ နာရီ တွင် Runway 17 အတိုင်း Emergency landing ပြုလုပ်ခဲ့ရာ ပြေးလမ်း ၄၅၀၀ ပေတွင် လေယာဉ်ဦးစိုက်အနေအထားနှင့် ရပ်တန့်ပြီး နောက် လေယာဉ်Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacuations Procedures အတိုင်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်” ဟု MNA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိခဲ့ဘဲ အဆိုပါနေရာသို့ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း လာရောက်စစ်ဆေးခဲ့သည်။

ကပ္ပတိန် မြတ်မိုးအောင်သည် ၂၀၁၇ ခုနှစ်က မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် UB-202 စစ်တွေ-ရန်ကုန် Embraer-190 လေယာဉ်ခရီးစဉ်တွင်လည်း လေယိုစိမ့်မှုဖြစ်ပွားခဲ့သော်လည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သူ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly