အစားစားချိန်မှန် ဖို့လိုအပ်ရတဲ့ အကြောင်းအရင်း

အစားစားချိန်မှန် ဖို့လိုအပ်ရတဲ့ အကြောင်းအရင်း

ရေးသားသူ Aye Thi Mon
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လူတစ်ယောက် ကျန်းမာနေစေဖို့ အဓိကလိုအပ်တဲ့အရာ ၃ ခုရှိပါတယ်။ ဒါကတော့ အစာအာဟာရ၊ သန့်စင်တဲ့လေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတို့ပါ။ ဒီလိုဆိုတာနဲ့ ဒီအချက် ၃ ခုပြည့်ရင်ပြီးရောလို့ဆိုပြီးလုပ်လို့လည်းမဖြစ်ပြန်ပါဘူး။ အရာရာကို ချိန်သားကိုက်လုပ်နိုင်မှ ခန္ဓာကိုယ်က ကျန်းမာတော့မပေါ့။ ဒီတစ်ခေါက်တော့ ခပ်ပေါ့ပေါ့လေးလို့တွေးနေကြတဲ့ အစားစားချိန်မမှန်တဲ့အချက်လေး နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။
တစ်နေ့က ဘယ်နှနပ်စားလဲ

အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို ၃ နပ်ကလုံလောက်တဲ့ အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အစားတွေ အများကြီးမစားနိုင်သေးတဲ့ ကလေးလေးတွေအတွက်တော့ တစ်နေ့ကို ၅ နပ်လောက်အထိ နည်းနည်းချင်းစီနဲ့စားဖို့လိုမှာပါ။ ဒီအချက်က ကလေးတွေနဲ့ပဲ သက်ဆိုင်တယ်တော့မဟုတ်ပါဘူး။ ဖေဖေမေမေ ဖိုးဖိုးဖွားဖွား  တွေအတွက်လည်း အကျုံးဝင်ပါတယ်။ လူကြီးတွေက အသက်အရွယ်ရလာတဲ့အခါ အစားတွေကို တစ်ခါတည်းအများကြီး မစားနိုုင်ကြတော့ပါဘူး။ ဒီအချိန်မှ လိုအပ်တဲ့ အာဟာရပြည့်မီစေဖို့က နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားရတာပါ။ ဒီလို အကြိမ်ရေတွေ ဘယ်လောက်ကွာကွာ လိုက်နာရမယ့် အစားစားချိန်မှန်ရမယ်ဆိုတဲ့ အချက်ကတော့ အားလုံးနဲ့ အကျုံးဝင်သက်ဆိုင်နေဆဲပါ။

မနက်စာ

တစ်နေ့တာအတွက် အရေးကြီးဆုံး အစားတစ်နပ်ပေါ့။ တစ်နေ့တာလှုပ်ရှားမှုအတွက် လိုအပ်တဲ့ ခွန်အားတွေကို ဖြည့်တင်းပေးမယ့် စားသောက်မှုပေါ့။ ဒီတော့ မနက်စာကို ပြည့်ဝမျှတအောင်စားဖို့လိုအပ်ပါတယ်။ မနက်စာကို အိပ်ရာကနေ နိုးပြီး နာရီဝက်အတွင်းမှာ စားတာအကောင်းဆုံးပါ။ တကယ်လို့ အိပ်ရာနို်းနိုးချင်းမစားဖြစ်သေးဘူးဆိုရင် မနက် ၉ နာရီမကျော်ခင် စားဖြစ်အောင်စားပါ။ အများကြီးမဟုတ်ရင်တောင် အလုပ်လုပ်ရင်း မုန့်နည်းနည်းလောက်စားပေးတာ၊ နို့ တစ်ခွက်လောက် သောက်ပေးတာမျိုးလုပ်ပေးပါ။ မနက်စာကို မအားလို့၊ အလုပ်များလို့ဆိုပြီး မစားတာမျိုးမလုပ်ပါနဲ့။

နေ့လည်စာ

မနက်စာကနေဖြည့်တင်းပေးထားတဲ့ အင်အားလေးကုန်ခါနီးမှာ ထပ်ဖြည့်ပေးရမယ့် အစာပေါ့။ နေ့လည်စာကိုလည်း မစားချင်လို့ ၊လုပ်လက်စလေးတွေကို လက်စဖြတ်လိုက်ချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မစားတဲ့အခါမျိုးတွေရှိ နေလား။ ဒါက ကျန်းမာရေးအတွက် မကောင်းပါဘူးနော်။ နေ့လည်စာကလည်း အများကြီး မဟုတ်ရင်တောင် ထိုက်သင့်သလောက်တော့ စားပေးဖို့လိုမှာပါ။ နေ့လည်စာကို နေ့ခင်း ၁၂ ခွဲကနေ ၂ နာရီအတွင်း စားပေးတာအကောင်း ဆုံးပါ။ အလုပ်များလွန်းလို့ နောက်အကျဆုံးဖြစ်မယ်ဆိုရင်တောင် မွန်းလွဲပိုင်း ၄ နာရီထက် နောက်မကျသင့်ပါဘူး။ နေ့လည်စာနောက်ကျလေလေ ညနေစာ စားချိန်နောက်ကျပြီး အိပ်စက်မှုကို ထိခိုက်စေလေလေပါ။ နောက်တစ်ချက်က နေ့လည်စာကို မနက်စာနဲ့ ၄ နာရီ အကွာမှာစားပေးသင့်ပါတယ်။

ညနေစာ

တစ်နေကုန်ပင်ပန်းသမျှအတွက် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးမယ့် အာဟာရပါ။ ညနေစာကို ညနေခင်း ၆ နာရီက နေ ၈ နာရီအတွင်းစားတာက အကောင်းဆုံးပါ။ အနောက်ကျဆုံးဖြစ်မယ်ဆိုရင်တောင် ည ၁၀ နာရီ  မကျော်သင့်ပါဘူး။ အကြောင်းကတော့ ညစာစားချိန်နောက်ကျတာက အစာခြေစနစ်ကို ဝန်ပိစေပြီး အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်စေတဲ့အပြင် အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်မှာ ရောဂါတွေပါ ဝင်လာနိုင်တာကြောင့်ပါ။ ညစာစားပြီးချိန်နဲ့ ၃ နာရီခွာပြီးမှ အိပ်ရာဝင်တာက အကောင်းဆုံးဖြစ်မှာပါ။

အစားစားချိန်မမှန်ရင် ဘာတွေဖြစ်နိုင်လဲ

အစားစားချိန်မမှန်တာက ဘာမှမဖြစ်လောက်ပါဘူး။ စားနေတာပဲလေလို့ တွေးစရာရှိပေမယ့် ရေရှည်မှာတော့ မကောင်းပါဘူး။ အစားစားချိန်မမှန်တာကြောင့် ခန္ဓာကိုယ်မှာ အသေးစားထိခိုက်မှုတွေရော ကြီးကြီးမားမားထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။

  •     သွေးတွင်းသကြားဓာတ်ကျမယ်
  •     မူးဝေမယ်
  •     လေအောင့်မယ်
  •     မအီမသာဖြစ်မယ်
  •     အစာမကြေဖြစ်မယ်
  •     ခေါင်းကိုက်မယ်
  •     အဝလွန်မယ်
  •     အစာအိမ်ဝေဒနာခံစားရမယ်
  •     ဆီးချိုဖြစ်မယ်
  •     သွေးတွင်းကိုလက်စထရောများမယ် စတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

အစားတစ်ခုနဲ့တစ်ခုကြားမှာ အနည်းဆုံး ၃ နာရီခြားပြီးစားပေးတာက အစာခြေစနစ်အတွက်ရော ခန္ဓာကိုယ်ကျန်းမာဖို့ အတွက်ပါ ထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် ရောဂါကင်းစင်ပြီး အင်အားပြည့်ဝလန်းဆန်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်စေဖို့ တစ်နေ့တာရဲ့ စားစရာတွေကို အချိန်မလွန်စေဘဲ သတိထားကြပါနော်….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required