လာမည့်နှစ်မှစတင်ကာ အဝေးသင်အနီးကပ် ၂ ကြိမ် ခွဲတက်ရောက်ရန် ပညာရေးမှ စီစဉ်နေ

လာမည့်နှစ်မှစတင်ကာ အဝေးသင်အနီးကပ် ၂ ကြိမ် ခွဲတက်ရောက်ရန် ပညာရေးမှ စီစဉ်နေ
ဓာတ်ပုံ - EPA

နေပြည်တော်၊ မေ ၁၂ ရက် ။       ။ ကန့်ကွက်မှုများရှိခဲ့သည့် အဝေးသင်(ဝိဇ္ဇာ) ၂ ကြိမ်ခွဲ တက်ရောက်ရမည့်အစီအစဉ်အား လာမည့်ပညာသင်နှစ်မှ စတင် တက်ရောက်ရန် စီစဉ်နေသည်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက မဇ္စျိမသို့ ပြောသည်။

 “ဒီနှစ်မှာ မလုပ်ဖြစ်သေးဘူး။ လာမဲ့နှစ်တွေမှာ လုပ်ဖို့ စီစဉ်နေတယ်။ ရည်ရွယ်နေတယ်။ ကွာလတီကို ကောင်းချင်တဲ့အတွက်”ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။

 နှစ်ကြိမ်ခွဲ တက်ရောက်မှုတွင် Orientation (ဘာသာရပ်မိတ်ဆက်ခြင်း) ကို မေလတွင် ၅ ရက် တစ်ကြိမ်နှင့် နိုဝင်ဘာလအတွင်း ၅ ရက် အဖြစ် နှစ်ကြိမ်ခွဲ တက်ရောက်ရန်စီစဉ်နေပြီး ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ကျောင်းသားများသမဂ္ဂ၊ ဆရာများသမဂ္ဂများထံမှ သဘောထားများကိုရယူထားကြောင်း ယခုနှစ်အတွင်း မစတင်ခဲ့ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ လုပ်ငန်းခွင်အခက်အခဲများကြောင့် ဖြစ်သည်ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။

 ဇန်နဝါရီလပိုင်းခန့်က ယင်းသို့ပြောင်းလဲမှုအပေါ် ကန့်ကွက်ခဲ့၍ ဆယ်ရက် ဆက်တိုက်ဖြစ်သွားရာမှ လာမည့်နှစ်တွင် ၂ ကြိမ်ခွဲ တက်ရောက်ရမည်ဟု ယခု ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တို့ ဒီလိုမျိုး ပထမစမယ့် အစီအစဉ်အတိုင်း သင်ကြားရေးနဲ့ ကွာလတီကိုသွားချင်တဲ့အတွက် Effective ဖြစ်အောင် ၂ကြိမ် လုပ်ချင်တယ်လို့ပြောတာ။ သူတို့က ၂ကြိမ်လုပ်ချင်တယ်ဆိုပေမယ့် အရင် တုန်းကတော့ ကျွန်တော်တို့ လုပ်ငန်းခွင်မှာ လုပ်တဲ့သူတွေက သွားရလာရတာအဆင်မပြေဘူး။ အခက် အခဲရှိတယ်ဆိုပြီး ကျွန်တော်တို့ ဒီနှစ်မှာ မလုပ်ဖြစ်သေးတာ။ နောက်နှစ်မှာ ဒါကျွန်တော်တို့ အားလုံးရဲ့ သဘောထားကို ပြန်ယူပြီးတော့ လုပ်ဖို့ စီစဉ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။

 Orientation (ဘာသာရပ်မိတ်ဆက်ခြင်း) ၅ ရက်ကို မေလတွင် စတင်ပြုလုပ်ရန် ယခင်က စီစဉ်ထားပြီး ၊ အဆိုပါ အစီအစဉ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အဝေးသင် ပညာရေးကို ခေတ်မီ IT နည်းပညာအသုံးပြုပြီး တိုးတက်အောင် လုပ်ပေးနေသော Transformation by Innovation in Distance Education (TIDE) Program အစီအစဉ်ဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

 ၄င်း TIDE အစီအစဉ်ကို Open University (UK) လမ်းညွှန်ပေးခြင်းဖြစ်ပြီး အဆိုပါ ၅ရက်တွင် ဆရာ၊ ဆရာမ များမှ ဘာသာရပ်ဆိုင်ရာ မိတ်ဆက်လမ်းညွှန်ပေးခြင်း၊ စာစဉ် ဖြေရန်လမ်းညွှန်ပေးပြီး တစ်ခါတည်းဖြေခိုင်းခြင်း၊ နှင့် ကျောင်းသားအားလုံး၏ Facebook Account ၊ ဖုန်းနံပါတ်၊ အီးမေးလ် ၊ ဆရာ၊ ဆရာမများ၏ Fb Account ဖုန်းနံပါတ်၊ အီးမေးလ်းများကို အပြန်အလှန်လှဲလှယ်ကာ Messenger Group၊ Viber Group များဖွဲ့၍ စာများကို ဝိုင်းဖွဲ့ ဆွေးနွေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly