သတ်မှတ်စည်းကမ်းချက်နှင့်မညီပါက ကျောင်းကား ပြေးဆွဲခွင့် ပြုမည်မဟုတ်

သတ်မှတ်စည်းကမ်းချက်နှင့်မညီပါက ကျောင်းကား ပြေးဆွဲခွင့် ပြုမည်မဟုတ်
ဓာတ်ပုံ -   သူရ / မဇ္စျိမ ယမန်နှစ်က အစိုးရမှပြေးဆွဲနေသောကျောင်းကားများတွေ့ရစဉ်။

ရန်ကုန်၊ မေ ၁၁  ။         ။ သတ်မှတ်စည်းကမ်းချက်ဖြင့် မကိုက်ညီပါက ပုဂ္ဂလိကကျောင်းကားများကို လာမည့်ကျောင်းဖွင့်ရာသီတွင် ပြေးဆွဲခွင့် ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောဆိုလိုက်သည်။

“ ၁၈ ကျောင်းကိုတော့ စမှာ။ ဒီနှစ်ကတော့ မနှစ်ကလို ဖြေလျော့မှု မပေးတော့ဘူး။ ၁၂ ချက်(စည်းကမ်းချက်)နဲ့ ညီအောင်ပေါ့ နော် ” ဟု ၎င်းက ဆိုသည်။

လာမည့် ဇွန်လ ကျောင်းဖွင့်ရာသီတွင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်း ၂၂ ကျောင်းတွင် ပထမခြေလှမ်းအဖြစ် မြို့တွင်း ၁၈ ကျောင်းတွင် သတ်မှတ်ချက်များ ဖြေလျော့မပေးတော့ဘဲ ကျောင်းကားများအား စည်းကမ်း တင်းကျပ်လိုက်ခြင်း ဖြစ်ကြောင်းလည်း YRTA မှ သိရသည်။

“ ကျောင်းကားမှာ ၁၅ ယောက်စီးဆိုရင် တကယ်တန်းက ၂၅ ယောက်လောက် တင်နေတာပေါ့။ အဲဒါတွေက အများကြီးဆိုတော့လေ။ ကျောင်းကားကို ဒီနှစ်က စပြီးတော့ပေါ့။ မူဝါဒစနစ်အရနဲ့ ညီတာကိုပဲ  လုပ်သွားမယ် လို့ ပြောတာ” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ယခင်နှစ်က ကျောင်းကားပြေးဆွဲသည့်ကားများထဲတွင် ညာမောင်းများယာဉ်များနှင့် Town Ace ယာဉ်များ၊ မီးသတ်ဆေးဘူး မပါဝင်သည့်ယာဉ်များ၊ လုံခြုံရေးခါးပတ်မပါဝင်သည့်ယာဉ်များလည်းရှိခဲ့သော်လည်း ယမန်နှစ်က ဖြေလျော့ပေးခဲ့ကာ ကျောင်းကားပြေးဆွဲခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ်တိုင်းဖြေလျော့ပေးရန်တောင်းဆိုမှုများရှိနေသော်လည်း ယခုနှစ်တွင် ပြည်ထောင်စုက ညွှန်ကြားချက် ချမှတ်ထားသည့် အချက် ၁၂ ချက်အတိုင်း ပြေးဆွဲရမည်ဖြစ်ပြီး  လုံးဝဖြေလျှော့ပေးမည်မဟုတ်ကြောင်း YRTA ဘက်မှ ယင်းသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကျောင်းကားများအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက် (၁၂) ချက်ထဲတွင် အဓိကအားဖြင့် ဘယ်မောင်း ကား ဖြစ်ရမည်ဟု ပါရှိခြင်း၊ မောင်းနှင်သူမှာ (ဃ) လိုင်စင် ဖြစ်ရမည်ဟု ပါရှိခြင်း၊ ခရီးသည် ၁၀ ဦး နှင့်အထက် တင်ဆောင်နိုင်သော Micro Bus၊ Mini Bus၊ Bus ယာဉ်များဖြစ်ရမည်ဟု ပါရှိသည်။

ထို့အပြင် ထိုင်ခုံတိုင်းတွင် ခါးပတ်ရှိရမည်ဖြစ်ပြီး လုံခြုံသော တံခါးနှင့် သော့စနစ်၊ ရှေးဦးသူနာပြုဆေးသေတ္တာ၊ မီးသတ်ဆေးဘူး (၂)ဘူး၊ ကားအရောင်မှာအဝါရောင်ဖြစ်၍ ရှေ့နှင့် နောက်တွင် School Bus ဟူသောစာလုံးကို ထင်ရှားစွာရေးရန်တို့ ပါဝင်သည်။ ထို့အပြင် (ဃ) လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ပြီး တစ်နာရီ ၂၅ မိုင်ထက် ပိုမမောင်းရန်နှင့် ထိုင်ခုံအရေအတွက်တို့လည်း သတ်မှတ်ပါရှိသည်။

လက်ရှိတွင် YRTA ပိုင် ကျောင်းကား၂၀၀ မှာ ပြေးဆွဲရန်အသင့်ရှိနေသော်လည်း ကျောင်းကားမလုံလောက်၍ ကျောင်းအုပ်ကြီးများက အကူအညီ တောင်းအသောအခါမှသာ ကူညီပြေးဆွဲသွားမည်ဟုလည်း ဒေါက်တာ မောင်အောင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly