မြိတ်နည်းပညာတက္ကသိုလ် ဧရိယာအတွင်း ပါဝင်နေသည့် မြေများအတွက် နစ်နာကြေးပေးရန် သဘောတူညီမှု ရရှိ

မြိတ်နည်းပညာတက္ကသိုလ် ဧရိယာအတွင်း ပါဝင်နေသည့် မြေများအတွက် နစ်နာကြေးပေးရန် သဘောတူညီမှု ရရှိ
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြိတ်၊ မေ (၁၁) ။      ။ မြိတ်မြို့၊ ကျောက်ဖျာ ကျေးရွာအုပ်စုရှိ နည်းပညာတက္ကသိုလ်အတွင်း ပါနေသည့် မြေယာဧရိယာများကို မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် နစ်နာကြေးပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရ သည်။

မေလ ၉ ရက်နေ့က အဆိုပါတက္ကသိုလ်အတွင်း ညှိနှိုင်းဆွေးနွေးရာတွင် တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြေယာနှင့် သီးနှံ လျော်ကြေး တွက်ချက် သတ်မှတ်သည့် အဖွဲ့ဝင်ဌာန ဆိုင်ရာများ၊ နည်းပညာ တက္ကသိုလ်ရှိ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ တက္ကသိုလ်၏ မြေဧရိယာ အတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာ တောင်သူများ၏ ဆန္ဒများဖြင့် သဘောတူညီမှုအရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တောင်သူတွေနဲ့ သဘောတူညီမှုရရှိတာက သီးနှံနဲ့ မြေယာ တန်ဖိုး အတွက်ပါ ပေါင်းပြီးတော့ မြေ တစ်ဧကကို ကျပ်သိန်း ၁၀၀ နဲ့ သဘောတူညီမှုရရှိခဲ့တယ်”ဟု မြိတ်နည်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဒေါက်တာ  ကျော်ကျော်လင်းက ပြောကြားခဲ့သည်။

အဆိုပါ မြေဧရိယာများကို ၂၀၀၅ ခုနှစ်က မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်းခဲ့ပြီး နည်းပညာတက္ကသိုလ် ဧရိယာအတွင်း (၁၀၇.၈၇) ဧက ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“မြေယာ နစ်နာကြေးနဲ့ ပတ်သက်ပြီး တောင်သူ ၃၅ ဦးတော့ တစ်ဧကကို ကျပ်သိန်း ၁၀၀ နဲ့ ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ။ ဆက်လက်ပြီး ကျောင်းရဲ့ ဧရိယာထဲမှာ ထပ်ပြီး ပါဝင်နေတဲ့ လူနေအိမ်တွေကိုလည်း လျော်ကြေး နစ်နာကြေး ပေးဖို့ ရှိပါသေးတယ်”လို့ ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်ကျော်လင်းက ဆက်ပြောသည်။

နည်းပညာ တက္ကသိုလ်၏ (၁၀၇.၈၇) ဧကတွင် ပါဝင်သော မြေများအတွက် မြေယာ နစ်နာကြေး ပေးသွားမည့် အပြင် လူနေအိမ် ဆောက်လုပ်နေထိုင်သူများကိုလည်း ပိုင်ဆိုင်မှု အထောက်အထား (မြေဂရန်) များ ရရှိသည်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ နေနေတာကတော့ မိဘမြေ တစ်ဧကမှာ အိမ်ထောင်ပြုပြီး သူ့အိမ်၊ ကိုယ့်အိမ်၊ ၀ိုင်းစုနေကြ ပါတယ်။ ဒီမှာနေနေရတာ ကျောလည်း မလုံဘူး။ ဘယ်အချိန် ပြောင်းလို့ ပြောင်းရမလဲ စိတ်ပူနေရတယ်။ အိမ်ပြန် ဆောက်ဖို့ မြေတစ်ကွက် ပြန်ပေးပြီး အိမ်ဖြိုတဲ့ နစ်နာကြေးပေးမယ် ဆိုတဲ့ အတွက် ကျေနပ်ပါတယ်။ ကိုယ့်မြေ ကိုယ်အိမ် နေရာတကျ ချပေးမယ် ဆိုတော့ ဝမ်းသာပါတယ်”ဟု တက္ကသိုလ်မြေဧရိယာတွင် ပါဝင်သော ဒေါ်အေးအေးမွန် က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly