ပြည်သူတွေ အားကိုးထိုက်သူ နောက်ထပ်တစ်ယောက်မရှိဘူးဟု သူရဦးရွှေမန်း မဲဆွယ်စည်းရုံး

ပြည်သူတွေ အားကိုးထိုက်သူ နောက်ထပ်တစ်ယောက်မရှိဘူးဟု သူရဦးရွှေမန်း မဲဆွယ်စည်းရုံး

ရန်ကုန်၊ အောက်တိုဘာ ၆။        ။ နိုဝင်ဘာ ရွေးကောက်ပွဲ နီးကပ်လာချိန် ပါတီများ အပြိုင်အဆိုင် မဲဆွယ်နေချိန်တွင် ကြံ့ခိုင်ရေးပါတီ၏ တစ်ချိန်က ဥက္ကဋ္ဌဖြစ်ခဲ့သူ သူရ ဦးရွှေမန်းက ပြည်သူတွေ အားကိုးထိုက်သူ "နောက်ထပ်တစ်ယောက်မရှိဘူး" သီချင်းကို သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ကာ မဲဆွယ်လျက်ရှိသည်။

မှန်ကန်သည့် ဒီမိုကရေစီ လမ်းကြောင်းဖေါ်ဆောင်ရန် လူရွေးမမှားစေချင်ဟူသည့် စာသားပါရှိသော သီချင်းကို သူ့၏ လူမှုကွန်ယက်တွင် လွှင့်တင်ထားခြင်းဖြစ်သည်။ "ရိုးသား ကြိုးစား ထက်မြက်သူ၊ သူရဲကောင်းများထုံး နှလုံးမူသူရဲရင့်ခဲ့ အဆိုအကောင်း ခွဲခြား လမ်းပြသူ တရားသောအသိနဲ့ အများ ပြည်သူအတွက် ဖေးမသူ ဖြောင့်မှတ်တဲ့ စိတ်ဓာတ်နဲ့ အများအကျိုးအတွက် ထမ်းရွက်ခဲ့ စေတနာ သဒ္ဓါမှန်ကာ သူပေးဆပ်ခဲ့။ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ဖေါ်ဆောင်ဖို့ကို ပြည်သူတွေ အားကိုးထိုက်သူ နောက်ထပ် တစ်ယောက်မရှိဘူး ဒါကြောင့် လူရွေးလည်း မမှားစေချင်ဘူး" ဟု သီချင်းစာသားတွင်ပါရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကိုယ်တိုင် ပါဝင်မဲပေးခဲ့သူ သူရ ဦးရွှေမန်းအတွက် စပ်ဆိုထားသည့် သီချင်းတွင် "ဘက်မလိုက်သူ" ဟူသည့် စာသားလည်း ပါရှိသည်။ "ဆုံးဖြတ်ချက်တို့ ဘက်မလိုက်သူ သမိုင်းကြောင်းကောင်းတဲ့ သက်သေ သူရဘွဲ့နဲ့ ပြောင်းလဲခြင်းအတွက် အသင့်ရှိသူ ခေတ်ဟောင်းရဲ့ စနစ်တို့ ဘေးဖယ် အသစ်ပြုပြင်သူဖြောင့်မှတ်တဲ့ စိတ်ဓာတ်နဲ့ အများအကျိုးအတွက် ထမ်းရွက်ခဲ့ စေတနာ သဒ္ဓါမှန်ကာ သူပေးဆပ်ခဲ့" ဟူသည့် စာသားများလည်း ပါရှိသည်။

သူရ ဦးရွှေမန်းသည် သူ၏ လှုပ်ရှားမှုများ၊ သဘောထားများကို အခါအားလျော်စွာ လူမှုကွန်ယက်တွင် ဖေါ်ပြလေ့ရှိရာ တပ်မတော်အပေါ် သံယောဇဉ် ကြီးမားပြီး ပြည်သူချစ်ခင်လေးစားသည့် တပ်မတော် ဖြစ်စေလိုသည်ဟု စက်တင်ဘာလ အတွင်းကလည်း သူ၏ သဘောထားကို ဖေါ်ပြခဲ့သေးသည်။

"တပ်မတော်ကို အများပြည်သူမှ အမှန်တကယ် လေးစားချစ်ခင်စေလိုသည့် ဆန္ဒရှိသူ" ဟု ဖေါ်ပြခဲ့သည်။ သူသည် ပြည်ထောင်စု လွှတ်တော် နာယကအဖြစ်တာဝန် ထမ်းဆောင်စဉ် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ကိုယ်တိုင် ဝင်ရောက်မဲပေးရာမှ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် တပ်မတော်သား မိသားစုဝင်များနှင့် မဲဆန္ဒရှင်အချို့၏ တိုင်ကြားခြင်း ခံခဲ့ရသူဖြစ်သည်။

ယင်းဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ထိုစဉ်က အစိုးရ၏ တတိယ အာဏာအရှိဆုံးဖြစ်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးသည် လက်ရှိ အစိုးရ လက်ထက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲ ဥက္ကဋ္ဌ အဖြစ်မှသည် ပါတီဝင် တစ်ဦးအဖြစ်သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်ညတွင် ရောက်ရှိသွားခဲ့သည်။

တပ်မတော်အပေါ် သစ္စာရှိကာ ပါတီ၏ မူဝါဒကို ယုံကြည်သည်ဟု ထုတ်ဖေါ်ပြောဆိုထားသည့် သူရဦးရွှေမန်းသည် သမ္မတ တာဝန်ထမ်းဆောင်လိုကြောင်းလည်း ပြောဆိုထားသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ ဇာတိမြို့ ဖြူးမြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အရွေးချယ်ခံရန် ပြင်ဆင်လျက်ရှိသည်။

 

မှတ်ချက် - သီချင်းကို ဤနေရာတွင် သွားရောက်နားဆင်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly