ရွှေတိဂုံစေတီတော်၏ နိုင်ငံခြားသားဧည့်ဝင်ကြေး နှစ်လအတွင်း ကျပ်သိန်းတစ်သောင်းကျော်ရရှိ

ရွှေတိဂုံစေတီတော်၏ နိုင်ငံခြားသားဧည့်ဝင်ကြေး နှစ်လအတွင်း ကျပ်သိန်းတစ်သောင်းကျော်ရရှိ
photo - AFP

ရန်ကုန်၊ မေ ၁၀ ။       ။  ရွှေတိဂုံစေတီတော်ကြီး၏ နိုင်ငံခြားသားဧည့်ဝင်ကြေးသည် မတ်လနှင့် ဧပြီလ နှစ်လအတွင်း ကျပ်သိန်းပေါင်းတစ်သောင်းကျော်ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှသိရသည်။

၂၀၁၉ ခုနှစ် မတ်လတွင် နိုင်ငံခြားသားဧည့်သည် ၇၆၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ကျပ်သိန်း ခုနှစ်ထောင် ကျော်ရရှိခဲ့ကာ ဧပြီလတွင် ၅၁၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ငွေကျပ် သိန်းငါးထောင်ကျော်ရရှိခဲ့သည်။

ရွှေတိဂုံစေတီတော်ကြီးသို့ လာရောက်လေ့လာဖူးမြော်သော နိုင်ငံခြားသားတစ်ဦးအတွက် ဝင်ကြေးကို မူလက မြန်မာငွေ ကျပ် ၈၀၀၀ ကောက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ ၁၀၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့ခြင်း လည်း ဖြစ်သည်။

မတ်လတွင် တစ်ရက်ပျဉ်းမျှ နိုင်ငံခြားသားလူဦးရေ ၂၄၀၀ ကျော်လာရောက်ခဲ့ပြီး ဧပြီလတွင် ၁၇၀၀ ကျော်လာရောက်ခဲ့သဖြင့် တစ်ရက် ဝင်ငွေမှာ ပျဉ်းမျှအားဖြင့် ကျပ်သိန်းတစ်ရာမှ နှစ်ရာကြားရှိခဲ့ကြောင်း ဂေါပကအဖွဲ့မှထုတ်ပြန်သည်။

ထို့အပြင် အလှူတော်ရငွေအနေဖြင့် မတ်လတွင် အမေရိကန်ဒေါ်လာ ၁၁၅၃၅ နှင့် ဧပြီလတွင် ၅၅၁၄ ဒေါ်လာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရရှိသောဝင်ငွေများကို မြန်မာ့စီးပွားရေးဘဏ်သို့အပ်နှံထားပြီး တစ်နေ့သာအတွက် ရရှိသောဝင်ငွေကို နောက်တစ်နေ့တွင် ဘဏ်သို့ ချက်ချင်း အပ်နှံကြောင်းလည်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှဖြေကြားထားသည်။

သို့သော် များပြားလှသည့် အပ်ငွေများကြောင့် ဘဏ်တိုးမပေးနိုင်၍ အစိုးရငွေတိုက်စာချုပ်များကို ဝယ်ယူ ထားရကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ပြောကြားထားသည်။

အလှူငွေအပြင် အခြားကိစ္စရပ်များအပါအဝင်၂၀၁၉ ခုနှစ် မတ်လအထိ ရွှေတိဂုံဘုရား၏ ဘဏ္ဍာတော်ငွေမှာ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်(၇၈,၆၉၁ သန်း)နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၉   သန်း ရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ထို့အပြင် ဘဏ်အပ်ငွေအနေဖြင့် (စာရင်းရှင်) အပ်ငွေ ကျပ်သန်းပေါင်း ၂,၆၇၃၊ ငွေစု စာအုပ်များ(ငွေစုဘဏ်) ကျပ်သန်းပေါင်း ၆၄,၄၉ဝ၊ ငွေစုလက် မှတ်များတန်ဖိုး ကျပ်သန်းပေါင်း ၈,၅၂၈၊ ဘဏ် အပ်ငွေ(Fixed Deposit) ကျပ်သန်းပေါင်း ၃,ဝဝဝ၊ စုစုပေါင်း ကျပ်သန်းပေါင်း ၇၈,၆၉၁ သန်းနှင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ သန်း ရှိကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားများထဲတွင် ထိုင်းနိုင်ငံမှအများဆုံးဖြစ်ပြီး တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ဂျာမဏီ၊ ချီလီ၊ ကနေဒါ၊ ဆွီဒင်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအိုနှင့် ဗီယမ်နမ် နိုင်ငံ တို့မှဖြစ်ကြောင်းလည်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly