အဖြစ်များတဲ့ ဓာတ်မတည့်စာ (၇) မျိုး

အဖြစ်များတဲ့ ဓာတ်မတည့်စာ (၇) မျိုး

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
လက်ရှိ အစားအစာတွေနဲ့ ဓာတ်မတည့်တာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓာတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲပါပဲ။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းမှန်ကိုတော့ သေချာမသိရသေးပေမဲ့ များသောအားဖြင့် မိဘမျိုးရိုးကနေ ဆင်းသက်လာတာ ပိုများပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဖြစ်အများဆုံး ဓာတ်မတည့် အစားအစာ (၇) မျိုးနဲ့ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ၊ ရောဂါလက္ခဏာတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
၁။ နွားနို့

ရင်သွေးလေးတွေနဲ့ အသက်အရမ်းငယ်သေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင် နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓာတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓာတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ မိနစ် ၃ဝအတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ အပြုံလိုက်ထတာ၊ အော့အန်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာအပြင် သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ နွားနို့သာမက နို့ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ချိစ်၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေ စားရင်လည်း ဖြစ်နိုင်ပါတယ်။
၂။ ကြက်ဥ

ကလေးတွေမှာ တော်တော်အဖြစ်များတဲ့ ဓာတ်မတည့်စာတွေထဲမှာ ကြက်ဥဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၁၆ နှစ်အရွယ်လောက်မှာ ဓာတ်မတည့်တာ ပျောက်သွားတဲ့ ကလေးတွေလည်း ရှိသလို ကြီးတဲ့အထိ မပျောက်တာမျိုးလည်း ရှိပါတယ်။ ကြက်ဥစားလိုက်တာနဲ့ အစာချေဖျက်ဖို့ ခက်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ အင်ပျဉ်၊ အဖုအပိမ့်လေးတွေ ထလာတာ၊ အသက်ရှူရခက်လာတာအပြင် သွေးလန့်တာတွေပါ ဖြစ်နိုင်ပါတယ်။ ကြက်ဥအနှစ်ထက် ကြက်ဥအကာကို ဓာတ်မတည့်တဲ့ ဦးရေဟာ ပိုများတာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
၃။ အစေ့အဆန်တွေ

သစ်ပင်ကနေ ရတဲ့ အစေ့အဆန်တွေဖြစ်တဲ့ အော်လ်မွန်စေ့၊ သီဟိုရ်စေ့၊ ပစ္စတာရှီယို သစ်စေ့ (Pistachio) ၊ အခွံမာသီး (Walnuts) တွေ စားမိတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုအစေ့တွေကနေ လုပ်ထားတဲ့ ထောပတ်တွေ၊ ဆီတွေ စားမိရင်လည်း ဖြစ်နိုင်ပါတယ်။ တခြားသော အစားအစာတွေနဲ့ မတူဘဲ အစေ့အဆန်တွေနဲ့ ဓာတ်မတည့်ခြင်းဟာ အချိန်တော်တော်ကြာတဲ့အထိ ပျောက်ဖို့ ခဲယဉ်းတဲ့အပြင် ဓာတ်မတည့်ဝေဒနာဟာလည်း တော်တော်ပြင်းထန်နိုင်ပါတယ်။
၄။ ပဲအမျိုးမျိုး

အစေ့အဆန်တွေလိုပါပဲ၊ ပဲတွေဟာလည်း ဓာတ်မတည့်မှု တော်တော်လေးအဖြစ်များတဲ့ အစားအစာပါ။ မတော်တဆ စားမိလိုက်တဲ့အခါမှာလည်း အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အထိ လက္ခဏာတော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ပဲတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အစေ့အဆန်နဲ့ ဓာတ်မတည့်မှုပါ ပါလာတတ်ပါတယ်။ ပဲတွေထဲမှာတော့ မြေပဲနဲ့ ဓာတ်မတည့်မှုက ပိုတွေ့ရပါတယ်။ အသက်ရှူရခက်တာ၊ ပါး၊ မျက်နှာတွေ ရောင်ကိုင်းလာတာ၊ အင်ပျဉ်ကွက်တွေ တစ်ကိုယ်လုံးထလာတာ အစရှိတဲ့ လက္ခဏာတွေကို ဓာတ်မတည့်စာ စားမိချိန်မှာ တွေ့ရပါတယ်။
၅။ ပင်လယ်စာ

ပင်လယ်စာတွေဟာ ကျန်းမာရေးအတွက် ကောင်းပြီး အာဟာရလည်း ရှိစေလို့ လူကြိုက်များကြပေမယ့် ဓာတ်မတည့်လို့ မစားရတဲ့သူတွေဟာလည်း ဒုနဲ့ ဒေးပါပဲ။ ကလေးဘဝမှာသာမက လူပျို၊ အပျိုဖော်ဝင်ကာစ အချိန်တွေမှာလည်း လက္ခဏာ စတင်ပြလာတတ်ပါတယ်။ ပင်လယ်စာလို့ဆိုရာမှာ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကရုကမာကောင်၊ ပင်လယ်ငါး၊ ရေချိုငါး အစရှိတာတွေ ပါဝင်ပါတယ်။ ဓာတ်မတည့်လက္ခဏာ ခံစားရပုံခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူတွေမှာ သာမန်ယားယံတာလောက်ပဲ ဖြစ်နိုင်သလို တချို့တွေမှာလည်း အရေးပေါ် ကုသမှုခံယူဖို့ လိုတဲ့အထိ ပြင်းထန်နိုင်ပါပတယ်။
၆။ ဂျုံ၊ ပြောင်း

ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပေမယ့် အသက် ၁၀ နှစ်ပြည့်ပြီးနောက်မှာတော့ ဓာတ်မတည့်တဲ့ လက္ခဏာတွေက ပျောက်သွားတတ်ပါတယ်။ ဂျုံ၊ ပြောင်း ပါဝင်တဲ့ အစားအစာတွေ စားမိတဲ့အခါ အစာကောင်းစွာ မချေဖျက်နိုင်တာ၊ အဖုလေးတွေ အပြုံလိုက်ထွက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထတာ၊ ရောင်တာတွေ ဖြစ်နိုင်ပြီး အသက်သေစေနိုင်သည်အထိ ပြင်းထန််တဲ့ အခြေအနေတွေလည်း ရှိပါတယ်။
၇။ ပဲငံပြာရည်

ပဲပိစပ်တွေ၊ ပဲငံပြာရည်နဲ့ ဓာတ်မတည့်မှုဟာ အလွန်ငယ်သေးတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပါးစပ် ယားတာ၊ အသားထဲက စူးသလိုဖြစ်နေတာ၊ နှာရည်ယိုတာ၊ ပန်းနာရင်ကျပ်ဖြစ်တာ၊ အသက်ရှူရခက်တာ၊ သွေးလန့်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဘာတွေ သိထားဖို့လိုအပ်လဲ။

ကိုယ့်မှာ ဓာတ်မတည့်တဲ့အစားအစာတွေ ရှိရင် မစားတာ အကောင်းဆုံးပါပဲ။ စားရင်းနဲ့ ကြာလာရင် သက်သာသွားမှာပါဆိုရာကနေ ရောဂါလက္ခဏာ ပိုပြင်းလာတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် အပြင်မှာ စားတော့မယ်၊ ဟင်းချက်ပြုတ်ဖို့အတွက် စျေးဝယ်ထွက်တဲ့အခါမျိုးမှာ ပါဝင်တဲ့ အမည်ပစ္စည်းတွေကို သေချာစစ်ကြည့်ပြီးမှ ဝယ်တာ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly