ကာစီနိုဥပဒေသစ်ကို ယခု မေလအတွင်း အတည်ပြုပြဌာန်းရန် ရှိ

ကာစီနိုဥပဒေသစ်ကို ယခု မေလအတွင်း အတည်ပြုပြဌာန်းရန် ရှိ
Photo: Lynn Bo Bo/EPA

နိုင်ငံအတွင်း ကာစီနိုစျေးကွက်ကို တရားဝင်စေပြီး စည်းမျဉ်းစည်းကမ်း ထိန်းကွပ်နိုင်မယ့် ကာစီနိုဥပဒေသစ်ကို အခု မေလအတွင်း အတည်ပြုပြဌာန်းနိုင်ရန် အစိုးရက ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် ဒီဥပဒေသစ်ဟာ နယ်စပ်ဒေသက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေမှာပဲ အကျုံးဝင်အသုံးချမှာလားဆိုတာကိုတော့ သေသေချာချာ မသိရသေးကြောင်း casino-reviw သတင်းက ဖော်ပြပါတယ်။

တည်ဆဲ ၁၉၈၆ ဥပဒေကို အစားထိုးတဲ့ ၂၀၁၈ လောင်းကစားဥပဒေ ပြဌာန်းခြင်းနဲ့အတူ မေလအတွင်းမှာ မြန်မာနိုင်ငံတွင်း ကာစီနိုစျေးကွက် ဖွင့်လှစ်လာဖို့ ရှိနေပါတယ်။

အသစ်ပြဌာန်းတဲ့ အဲဒီလောင်းကစားဥပဒေကို ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနထံ မေတ္တာရပ်ခံချက်အရ ၂၀၁၇ ခုနှစ်မှာ ဥပဒေကြမ်း ရေးဆွဲခဲ့တာပါ။ ရွေးချယ်ထားတဲ့ ဟိုတယ်တွေမှာ နိုင်ငံခြားသားတွေအတွက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ကာစီနိုတွေ ဖွင့်လှစ်တာကို ခွင့်ပြုဖို့ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနထံ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကာစီနိုတွေကို တရားဝင် ခွင့်ပြုတာ မရှိပေမယ့်လည်း တနင်္သာရီနဲ့ မြဝတီလိုနယ်စပ်ဒေသတွေနဲ့ ဝနဲ့ ကိုးကန့်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက နယ်စပ်ဧရိယာတွေမှာ ကာစီနိုကစားဝိုင်းတွေ ဖွင့်လှစ်ထားပါတယ်။

ဖွင့်လှစ်လာမယ့် ကာစီနိုကစားဝိုင်းတွေမှာ နိုင်ငံခြားသားတွေကိုပဲ လောင်းကစားခွင့် ပြုမှာဖြစ်တယ်လို့ သတင်းက ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly