တာဝေးပစ်လက်နက် စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယား ပြောလာ၍ တင်းမာမှုတွေ ပိုမို မြင့်တက်နိုင်ဖွယ် ရှိနေ

တာဝေးပစ်လက်နက် စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယား ပြောလာ၍ တင်းမာမှုတွေ ပိုမို မြင့်တက်နိုင်ဖွယ် ရှိနေ
Photo: AFP

ပြုံယမ်း၊ မေ ၁၀ ။     ။ မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်လက်နက်တစ်မျိုးကို စမ်းသပ်ပစ်လွွှတ်ခဲ့တယ်လို့ မေ ၁၀ ရက်က ပြောလာတာကြောင့် အဲဒီ အတည်ပြုချက်ဟာ ကိုရီးယားကျွန်းဆွယ်အရေးမှာ တင်းမာမှုတွေ ပိုမိုမြင့်မားလာဖို့ပဲ ရှိနေပါတယ်။

ပြုံယမ်းဟာ တာတိုပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပြောထားတာနဲ့ ဆန့််ကျင်ပြီး အတည်ပြုထုတ်ပြန်လာချက်ပဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့က လုပ်ဆောင်ခဲ့တဲ့ လက်နက်စမ်းသပ်ပစ်လွှတ်မှုမှာ ခေါင်းဆောင်ကင်ဂျုံးအွန် ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ နိုင်ငံပိုင် မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA က ထုတ်လွှင့်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် စွန့်လွှတ်ပြီး အပြန်အလှန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ  ဖြေလျော့ပေးဖို့ သဘောတူညီချက်ရအောင် အမေရိကန်နဲ့ နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေဟာ အရေးမလှ ဖြစ်နေခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်တည်နေတဲ့ကြားကပဲ မြောက်ကိုရီးယားနိုင်ငံဟာ တစ်ပတ်အတွင်းမှာ နှစ််ကြိမ်မြောက် လက်နက်စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

“ကွပ်ကွဲရေးစခန်းကနေ ခေါင်းဆောင်ကြီး ကင်ဂျုံးအွန်က တာဝေးပစ်လက်နက် အမျိုးမျိုး ပစ်လွှတ်တဲ့ စစ်ရေးလေ့ကျင့်မှု စီမံကိန်းကို ညွှန်ကြားခဲ့ပါတယ်။ ပြီးတော့ စတင်စမ်းသပ်ပစ်လွှတ်ဖို့ အမိန့်ပေးကွပ်ကဲခဲ့တာ ဖြစ်ပါတယ်။”လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ စမ်းသပ်ပစ်လွှတ်တဲ့ စစ်ရေးလေ့ကျင့်မှုကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း သတင်းဌာနက ဖြည့်စွက်ဖော်ပြပါတယ်။

KCNA က ခုလို ထုတ်ပြန်ကြေညာပေမယ့် စမ်းသပ်ပစ်လွွှတ်တဲ့ လက်နက်အမျိုးအစားကို ဖော်ပြတာတော့ မရှိပါ။ တာဝေးပစ်လက်နက်လို့သာ ဖော်ပြပြီး ဒုံးလက်နက် ဒါမှမဟုတ် ဒုံးထိပ်ဖူး စတဲ့ ဒုံးကျည်စကားရပ်ကို ရှောင်ကွင်းပြီး ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly