အီရန်ရဲ့ ရာဇသံကို အီးယူ ပယ်ချပေမယ့် နျူကလီးယားသဘောတူညီချက် မပျက်ပြားရေးအတွက် သံန္ဒိ႒ာန် ချ

အီရန်ရဲ့ ရာဇသံကို အီးယူ ပယ်ချပေမယ့် နျူကလီးယားသဘောတူညီချက် မပျက်ပြားရေးအတွက် သံန္ဒိ႒ာန် ချ

စီဘူး၊ မေ ၉ ။          ။ အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် အီရန်က ရာဇသံ ပေးလာတာကို ဥရောပ အင်အားကြီးနိုင်ငံတွေဟာ ကြာသပတေးနေ့မှာ ပယ်ချလိုက်ပေမယ့် အီရန်နျူကလီးယားသဘောတူညီချက် မပျက်ပြားသွားရေးအတွက် ခုခံတွန်းလှန်သွားမယ်လို့ သံန္ဒိ႒ာန်ချ ပြောဆိုပါတယ်။

အီရန်နိုင်ငံဟာ ၂၀၁၅ နျူကလီးယားသဘောတူညီချက်က တားမြစ်ချက်တစ်ချို့ကို နာခံတော့မှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပါတယ်။

ဒါအပြင်လည်း အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြေလျော့ရေးကို ဥရောပ၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ရက် ၆၀ အတွင်းမှာ မဖော်ဆောင်နိုင်ခဲ့ရင် ရှေ့ဆက်တိုးသွားတော့မှာ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန် နျူကလီးယားသဘောတူညီချက်ကို ဆိုးဝါးတဲ့ သဘောတူညီချက်လို့ ဆိုပြီး အမေရိကန်နိုင်ငံကို နုတ်ထွက်စေပြီးနောက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လာတာကြောင့် ခုလို တုံ့ပြန်တာလို့လည်း အီရန်နိုင်ငံက ဆိုပါတယ်။

ဒီလို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျင့်သုံးတာကြောင့် အီရန်စီးပွားရေး တော်တော်လေး အထိနာစေပါတယ်။

အီရန်ရဲ့ နျူကလီးယား ဖော်ဆောင်ချက်တွေကို ဖြတ်ချပြီး အပြန်အလှန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့ပေးတဲ့ အဲဒီ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ဟာ အရေးကြီးကြောင်း ဥရောပက အလေးအနက် ထားပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က သဘောတူညီချက်ကို အီရန်ဖက်က ဆက်လက် အလေးထားလိုက်နာအောင် ဥရောပအနေနဲ့ သိမ်းသွင်းနားချရမှာ ဖြစ်တယ်လို့ ပြောရင်း ပြေပြေလည်လည် ဖြစ်ဖို့ကို မေတ္တာရပ်ခံခဲ့ပါတယ်။

ခုလို အီရန် နျူကလီးယား သဘောတူညီချက်အရေး စိုးရိမ်ဖွယ် ရှိနေချိန်မှာ ဥရောပခေါင်းဆောင်တွေဟာ ဗြိတိန်နိုင်ငံ အီးယူက ခွဲထွက်ပြီးနောက်ပိုင်း နောင်အနာဂတ်နဲ့ ပတ်သက်ပြီး ရိုမေးနီးယားမှာ အလွတ်သဘော တွေ့ဆုံစည်းဝေးကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly