ပါကစ္စတန်မှာ မိန်းကလေးတွေကို ဟန်ဆောင်လက်ထပ်ပြီး ပြည့်တန်ဆာ ခိုင်းစေမယ် စွဲဆိုချက်နဲ့ တရုတ်နိုင်ငံသား ရှစ်ဦးကို ဖမ်းဆီး

ပါကစ္စတန်မှာ မိန်းကလေးတွေကို ဟန်ဆောင်လက်ထပ်ပြီး ပြည့်တန်ဆာ ခိုင်းစေမယ် စွဲဆိုချက်နဲ့ တရုတ်နိုင်ငံသား ရှစ်ဦးကို ဖမ်းဆီး

လာဟိုး၊ မေ ၉ ။           ။ ပါကစ္စတန်နိုင်ငံမှာ မိန်းကလေးတွေကို လူမှောင်ခိုကူးမှုနဲ့ တရုတ်နိုင်ငံသား ရှစ်ဦးကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။

၎င်း တရုတ်နိုင်ငံသားတွေဟာ မိန်းကလေးတွေကို ဟန်ဆောင်လက်ထပ်ပြီး တရုတ်နိုင်ငံဆီ ခေါ်ဆောင်ကာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် စေခိုင်းဖို့အတွက် မြူဆွယ်ကာ လူမှောင်ခိုကူးဖို့ လုပ်ဆောင်နေတယ်လို့ စွဲဆိုချက်နဲ့ ဖမ်းဆီးတာ ဖြစ်ပါတယ်။

ဒီလို ဟန်ဆောင်လက်ထပ်ဖြစ်လာအောင် ကူညီတဲ့ ပါကစ္စတန်နိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်တာကြောင့် နောက်ထပ် ဖမ်းဆီးတာတွေ တော်တော်များများ ရှိလာနိုင်တယ်လို့လည်း အဲဒီ အေဂျင်စီက ဆိုပါတယ်။

ပါကစ္စတန်ကနေ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို လက်ထပ်ပြီး တရုတ်နိုင်ငံဆီ လူကုန်ကူးတဲ့ ‘သတို့သမီး လူမှောင်ခိုကုန်ကူးခြင်း’ တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့လအတွင်းမှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြီး သတိပေးဖူးပါတယ်။

အခြား အာရှနိုင်ငံ အနည်းဆုံး ငါးနိုင်ငံကနေ တရုတ်နိုင်ငံဆီ သတို့သမီး လူမှောင်ခိုကုန်ကူးမှုတွေ ဖြစ်စဉ် အလားတူ စိတ်ပျက်စဖွယ် ဖြစ်ပွားနေကြောင်း အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာနဲ့ ဗီယက်နမ်တို့လို အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်စဉ်နှစ်တိုင်း ငယ်ရွယ်တဲ့ အမျိုးသမီးထောင်ပေါင်းများစွာဟာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ပေါင်းသင်းနေကြပါတယ်။

တရုတ်နိုင်ငံရဲ့ ဆယ်စုနှစ် သုံးခုစာ ကျင့်သုံးခဲ့တဲ့ ကလေးတစ်ဦး မူဝါဒကြောင့် အမျိုးသားဦးရေ မြင့်မားပြီး အမျိုးသမီးဦးရေ နည်းပါးနေတဲ့ လိင်ကွာဟချက် ပြဿနာရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required