မဟာချက်ကရီသီရိဒုံ မြန်မာနိုင်ငံတွင် ဆက်လက်လေ့လာနေ

မဟာချက်ကရီသီရိဒုံ မြန်မာနိုင်ငံတွင် ဆက်လက်လေ့လာနေ
Photo MNA

အောက်တိုဘာလ ၆ ရက် ။            ။ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံသည် သမ္မတဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့နှင့် အောက်တိုဘာ ၅ ရက်နေ့က နေပြည်တော်၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။

တွေ့ဆုံရာတွင် မြန်မာ-ထိုင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ပီစနု စူဗန်နာဂျတာ တို့ တက်ရောက်သည်။

ဒုတိယသမ္မတနှင့် တွေ့ဆုံရာတွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးဟံစိန်၊ ဦးသန့်ရှင်း၊ ဒေါက်တာဝင်းမြင့်၊ ဒေါ်စန္ဒာခင်နှင့် ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ပီစနု စူဗန်နာဂျတာ တို့ တက်ရောက်သည်။

တွေ့ဆုံမှုများမတိုင်မီ မနက်ပိုင်း၌ ထိုင်းဘုရင့်သမီးတော်သည် ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်း အမှတ်အဖြစ် ထိုင်းအထိုးရနှင့် မြန်မာနိုင်ငံရှိ ထိုင်းအဖွဲ့အစည်းများပူးပေါင်း လှူဒါန်းခဲ့သည့် နှစ်ထပ်ကျောင်းဆောင်သစ် ရှိရာ ပျဉ်းမနားမြို့မှ ထိုင်း-မြန်မာချစ်ကြည်ရေးကျောင်းသို့ သွားရောက်လေ့လာခဲ့သည်။

ကျောင်း၌ စာအုပ်စာတမ်းနှင့် စာရေးကိရိယာများပေးအပ်ပြီး ထိုင်း-မြန်မာချစ်ကြည်ရေး ကလေးအားကစားကွင်းကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် နေပြည်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်နှင့် အမျိုးသားပြတိုက်များသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် ထိုင်းဘုရင့်သမီးတော်သည် ထိုင်းပြည်သူများကိုယ်စား လူ ၆ ဦး တစ်ပြိုင်တည်း သွေးလှူဒါန်းနိုင် သော သွေးဝန်ဆောင်မှုလှုပ်ရှားယာဉ် bloodmobile တစ်စီးကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက လက်ခံရယူခဲ့သည်။ အဆင့်မြင့်နည်းပညာများတပ်ဆင်ထားပြီး အရှည် ပေ ၄၀၊ အနံ ၈ ပေရှိ ဟီးနိုးအမျိုးအစားယာဉ်ဖြစ်သည်။

ဒေါက်တာစိုင်းမောက်ခမ်း၏ ဖိတ်ကြားချက်ဖြင့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံသည် အောက်တိုဘာ ၃ ရက်နေ့က ထိုင်း-မြန်မာ-ဂျပန် ပူးတွဲတည်ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်သို့ ပထမဆုံးအကြိမ်အဖြစ် အထူးလေယာဉ်ဖြင့် ရောက်ရှိသည်။ ထားဝယ်အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်နေသော ကနဦးလုပ်ငန်း အကောင် အထည်ဖော်မှုများကို လေ့လာမှတ်သားခဲ့သေးသည်။

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ၏ ယခုမြန်မာနိုင်ငံခရီးစဉ်သည် ၆ ကြိမ်မြောက်ဖြစ်ပြီး ၁၉၈၆၊ ၁၉၉၄၊ ၂၀၀၃၊ ၂၀၁၀ နှင့် ၂၀၁၃ ခုတို့ကလည်း လာရောက်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly