ကုန်သွယ်ရေးဆွေးနွေးပွဲ သဘောတူညီချက် တရုတ် ဖောက်ဖျက်ခဲ့ဟု ဒေါ်နယ်ထရမ့် ပြောကြား

ကုန်သွယ်ရေးဆွေးနွေးပွဲ သဘောတူညီချက် တရုတ် ဖောက်ဖျက်ခဲ့ဟု ဒေါ်နယ်ထရမ့် ပြောကြား

မေ ၉ ။    ။ အမေရိကန်-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတွေမှာ ရရှိထားတဲ့ သဘောတူညီချက်ကို တရုတ်တို့ဘက်က ချိုးဖောက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

ယင်း ပြောဆိုချက်နဲ့ပတ်သက်လို့ မေလ ၉ ရက်မှာ တရုတ်ဘက်ကလည်း မဆိုင်းမတွ ပြန်လည် ငြင်းဆန်သွားခဲ့ပြီး ၎င်းတို့အနေနဲ့ ကတိကဝတ်တွေကို ဆက်လက်တည်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ ကတိကဝတ် သဘောတူညီချက်တွေကနေ ဖယ်ခွာနေတယ်ဆိုပြီး အမေရိကန်က တရုတ်ကို ပြောထားပါတယ်၊ ကတိကဝတ်အများစုကလည်း တရုတ်အပေါ် ညာချထားခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံအနေ နဲ့ ကတော့ ကတိကဝတ်တွေကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ဒါကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး” လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ဖုန်က ပြောသွားပါတယ်။

အမေရိကန်ဘက်က တရုတ် ထုတ်ကုန်တွေအပေါ် အခွန်တွေ တိုးကောက်လာမယ်ဆိုရင် လိုအပ်တဲ့ တန်ပြန်တုန့်ပြန်မှုတွေနဲ့ လက်တုန့်ပြန်မယ်လို့ ပေကျင်းအစိုးရက အစောပိုင်းတုန်းက ထုတ်ပြန်ပြောဆိုပြီး သိပ်မကြာခင်မှာပဲ ခုလို ထရမ့်ရဲ့ ပြောစကားလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုးရှိ တရုတ်ကုန်စည်တွေအပေါ် အခွန် နှစ်ဆကျော် တိုးကောက်သွားမယ်လို့ ကြုံးဝါးထားခဲ့တာဖြစ်ပါတယ်။

ယနေ့ မေလ ၉ ရက်မှာတော့ အဆိုပါ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly