ကျောက်တန်းရွာသားများထဲတွင် AA အဖွဲ့ဝင် ၄ ဦးတွေ့ရှိဟု တပ်မတော်ပြော

ကျောက်တန်းရွာသားများထဲတွင် AA အဖွဲ့ဝင် ၄ ဦးတွေ့ရှိဟု တပ်မတော်ပြော
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန်၊ မေ ၉ ။          ။ တပ်မတော်မှ စစ်ဆေးနေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာသားများထဲတွင် ရက္ခိုင့်တပ် (AA)မှ အဖွဲ့ဝင် ၄ ဦးကိုတွေ့ရှိ၍ ဥပဒေအတိုင်း အရေးယူရန် လုပ်ဆောင်နေသည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မဇ္စျိမသို့ ပြောသည်။

“ ၄ ယောက်တွေ့တဲ့အတွက်ကြောင့်မို့လို့ စစ်တွေကိုပို့လိုက်ပြီခင်ဗျ။ စစ်တွေမြို့မရဲစခန်းပေါ့နော်။ ဥပဒေ လမ်းကြောင်းအတိုင်းအရေးယူဖို့ ၄ ယောက်လွှဲပေးလိုက်ပါတယ်။ သူတို့ ၄ ယောက်က AA ဖြစ်ပါတယ်ဆိုတာ ဝန်ခံလို့ပါ” ဟု ၎င်းကဆိုသည်။

အလားတူ မေလ ၈ ရက်နေ့တွင် AA နှင့်ပတ်သက်မှုမရှိဟုဆိုကာ ကျောက်တန်းကျေးရွာသား ၃၅ ဦးကို ထပ်မံလွှတ်ပေးခဲ့ပြီး (ရဲစခန်းသို့ပို့ဆောင်ခဲ့သည့် ၄ ယောက်မပါ) လက်ရှိစစ်ဆေးနေဆဲ ၆၂ ဦးထဲမှ  AA အဖွဲ့ဝင်များပါဝင်နိုင်သေးဟုလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဆိုသည်။

သို့သော် ရက္ခိုင့်တပ် (AA) အနေဖြင့် ကျေးရွာများတွင် အဖွဲ့ဝင်များကိုမထားရှိသကဲ့သို့ တပ်မတော်မှ စစ်ဆေးနေသူများအားလုံးမှာ အရပ်သားများဖြစ်ပြီး မိမိတို့အဖွဲ့ဝင်များမပါကြောင်းဆိုသည်။

“ မခံနိုင်အောင် အတင်းအဓမ္မညှင်းဆဲ နှိပ်စက်ပြီးတော့မှ အတင်းအဓမ္မလက်မှတ်ထိုးခိုင်းလို့ ထိုးရတယ်လို့ပဲ ကျွန်တော်တို့က အဲ့လိုပဲသိထားတယ်။ အဲ့မှာရှိတဲ့သူတွေက မတရားဖမ်းဆီးခံရတဲ့ရွာသားတွေပဲနော်။ အဲ့တာ ဒေသခံရွာသားစစ်စစ်တွေ” ဟု ရက္ခိုင့်တပ် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကဆိုသည်။

တပ်မတော်ဘက်မှပြောကြားချက်အရ AA တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်အပြီး ထွက်ပြေးလာသော AA အဖွဲ့ဝင်များထဲတွင် ကျောက်တန်းကျေးရွာသားတချို့ပါဝင်နေပြီး ရွာသား အသွင်ဖြင့် လာရောက်နေထိုင်နေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ရက္ခိုင့်တပ် (AA) ဘက်မှလည်း မိမိတို့တပ်ဖွဲ့မှာ စနစ်တကျဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး တပ်သားများကို ရွာအတွင်းနေရာယူစေခြင်း၊ ပစ်ခတ်ပြီး ရွာအတွင်း ပုန်းအောင်းစေခြင်းမျိုး လုံးဝ မပြုလုပ်ဟုဆိုသည်။

ထို့အပြင် တပ်မတော်မှနေ၍  ရွာအတွင်း မသင်္ကာဟုဆိုကာ တစ်ရွာလုံးကို ထိန်းသိမ်းစစ်ဆေးခြင်းမျိုးမှာ မဖြစ်သင့်ဟုလည်း ဦးခိုင်သုခကပြောသည်။

သတင်းဌာနများမှဖြစ်စဉ်တစ်ခုဖြစ်ပွားတိုင်း မေးမြန်းပါက တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့၏ ပြောဆိုချက်များမှာ ကွဲပြားနေလေ့ရှိနေပြီး တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲလေ့ရှိကြောင်း မိဒီယာများတွင် ဖော်ပြပါရှိခဲ့သော သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စု စာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား တွေ့ရှိခဲ့သဖြင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရအရေးယူနိုင်ရေး အတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်မှ ထုတ်ပြန် ထားသည်။

လက်ရှိ မေလ ၉ ရက်နေ့အထိ စစ်ဆေးနေသည့် ၂၇၅ ဦးအနက် တပ်မတော်မှ လွှတ်ပေးသူ စုစုပေါင်း ၂၀၉ ဦးရှိပြီလည်းဖြစ်သည်။

ရခိုင်ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် AA အကြား ဖြစ်ပွားလာသော တိုက်ပွဲများအတွင်း စစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေပြီ ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required