ဗီတာမင် K ချို့တဲ့ရင် ဒီလက္ခဏာတွေဖြစ်လာနိုင်တယ်

ဗီတာမင် K ချို့တဲ့ရင် ဒီလက္ခဏာတွေဖြစ်လာနိုင်တယ်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဗီတာမင် K က သွေးခဲမှုဖြစ်စဉ်မှာ အဓိကအရေးပါပါတယ်။ ဗီတာမင်K ချို့တဲ့ရင် အရိုးပွရောဂါ၊နှလုံးရောဂါ၊ဆီးချို၊အဆစ်ရောင်ရောဂါတို့မှာ ဖြစ်နိုင်ခြေပိုများစေနိုင်လို့ လက္ခဏာတွေကို သိထားဖို့လိုပါတယ်။

အရေပြားမှာ ပွန်းပဲ့၊ရှနာ မှန်သမျှ တစ်ခုခုဖြစ်တိုင်း ခန္ဓာကိုယ်ရဲ့သွေးခဲမှုဖြစ်စဉ်က လုပ်ဆောင်ချက်စတင်လာပါတယ်။ အဲဒီမှာအဓိကကျတဲ့အာဟာရဓာတ်က ဗီတာမင်K ဖြစ်ပြီး အရိုးကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

ဗီတာမင်K ကိုရရှိနိုင်တဲ့အစားအစာတွေကတော့ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဘလူးဘယ်ရီ၊ ချိစ်၊ အသား၊ ပဲပိစပ်၊နဲ့ ကြက်ဥတို့ဖြစ်ပါတယ်။ဗီတာမင်K  ချို့တဲ့သူတွေထဲမှာ အူလမ်းကြောင်းရောဂါရှိသူတွေလိုမျိုး ဗီတာမင်K ကို မစုပ်ယူနိုင်သူတွေပါဝင်ပါတယ်။

(၁) သွေးမတိတ်ခြင်း

ဗီတာမင်K ရဲ့အဓိကလုပ်ဆောင်မှုက သွေးခဲခြင်းဖြစ်တာကြောင့် သူ့ကိုချို့တဲ့နေပြီဆိုရင် အနာဖြစ်တိုင်း သွေးထွက်များတတ်ပါတယ်။ခန္ဓာကိုယ်အတွင်းရောအပြင်ရော အတူတူပါပဲ။ ပိုသိသာတဲ့လက္ခဏာတွေက သွားဖုံးသွေးထွက်တာ၊ မကြာခဏ နှာခေါင်းသွေးလျှံတာတွေဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာသေးသေးလေးဖြစ်ရင်တောင် သွေးထွက်များပြီး မတိတ်တာတွေဖြစ်တတ်ပါတယ်။

(၂) ရာသီသွေးဆင်းများခြင်း

ဗီတာမင်K  ချို့တဲ့တဲ့အမျိုးသမီးတွေမှာ ရာသီလာတဲ့အခါ သွေးဆင်းများတတ်ပါတယ်။ ရာသီလာရင် တစ်ပတ်လောက်ကြာတာ ဒါမှမဟုတ် တစ်နာရီလောက်တစ်ခါ လစဉ်သုံးပစ္စည်းလဲရတဲ့အထိ သွေးဆင်းများတာ ဆိုရင် ပုံမှန်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ သွေးဆင်းတာများလွန်းရင်လည်း သွေးအားနည်းရောဂါဖြစ်လာနိုင်ပြီး အားကုန်နုံးချိတာ၊ ဘာလုပ်လုပ်ပင်ပန်းနေတာ တွေဖြစ်လာနိုင်ပါတယ်။

(၃) ကလေးလေးတွေမှာ အအိပ်များလွန်းခြင်းနဲ့ပျို့အန်ခြင်း

ပြင်းထန်လာရင် ဗီတာမင်K  ချို့တဲ့မှုက ကလေးတွေမှာ ဦးနှောက်တွင်း သို့မဟုတ် ဦးနှောက်တဝိုက်မှာ သွေးယိုစေနိုင်ပါတယ်။ အဲ့သည့်အခါ ကလေးတွေမှာ အရမ်းဂျီကျတာ၊ အရမ်းအိပ်လွန်းတာတွေဖြစ်စေနိုင်ပါတယ်။ကိုယ့်ကလေး မထတမ်းအိပ်လွန်းရင် နည်းနည်းသတိထားပါ။ ပျို့အန်တာ၊ တက်တာ တွေကလည်း ကလေးတွေမှာချို့တဲ့ရင် ဖြစ်တတ်တဲ့လက္ခဏာပါ။ အသားအရေဖြူဖတ်ဖြူရော် ဖြစ်တာ၊ သွားဖုံးတွေအရောင်ဖျော့တော့တာတွေလည်း ပါဝင်ပါတယ်။

(၄) အရိုးအားနည်းခြင်း

ဗီတာမင်K က အရိုးတည်ဆောက်မှုမှာပါဝင်တာကြောင့် သူ့ကိုချို့တဲ့ရင် အရိုးသိပ်သည်းမှုအားနည်းစေနိုင်ပါတယ်။ ဗီတာမင်K သောက်သုံးမှုများရင် တင်ပါးဆုံရိုး ကျိုးအက်မှုဖြစ်နိုင်ခြေနည်းစေနိုင်တယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။အရိုးပွရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ ခါးနာတာ၊ ကိုယ်အလေးချိန်လျော့တာ၊ ခါးကိုင်းတာ၊ ကျိုးအက်မှုတွေ ဖြစ်လွယ်တာတွေပါဝင်ပါတယ်။

(၅) ရင်ဘတ်အောင့်ခြင်းနဲ့ ရင်တလှပ်လှပ်တုန်ခြင်း

ဗီတာမင်K ချို့တဲ့ခြင်းက နှလုံးရောဂါအန္တရာယ်နဲ့ဆက်နွှယ်နေပါတယ်။ ရင်ဘတ်အောင့်ခြင်းက နှလုံးရောဂါရဲ့သိသာတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ သည်ဝေဒနာက စိတ်ဖိစီးမှု သို့မဟုတ် ခန္ဓာကိုယ် လှုပ်ရှားမှုတစ်ခုခုကြောင့် ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းကျရင် ဇက်၊ လက်၊ခါး၊ မေးရိုး သို့မဟုတ် အစာအိမ်တို့အထိ နာကျင်မှုပြန့်လာနိုင်ပါတယ်။ အသက်ရှူရတာပြတ်တောင်းပြတ်တောင်းဖြစ် သွားတာ၊ ရင်တုန်တာတို့လည်း ဖြစ်တတ်ပါတယ်။

(၆) ဆီးချိုလက္ခဏာ

ဗီတာမင်K အားနည်းရင် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ဆီးချိုလက္ခဏာတွေက ဆီးသွားရင်းများခြင်း၊ ရေအရမ်းငတ်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာကျက်နှေးခြင်း ၊ရုတ်တရက်ပိန်သွားခြင်းတို႕ပါဝင်ပါတယ်။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required