တက်တူးထိုးထားတဲ့နေရာက ယားနေရင် ဘာလုပ်သင့်လဲ

တက်တူးထိုးထားတဲ့နေရာက ယားနေရင် ဘာလုပ်သင့်လဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
တက်တူးထိုးဖူးတဲ့ သူတော်တော်များများက ဒီလိုယားယံမှုမျိုးကို ခံစားဖူးကြမှာပါ။ လတ်လတ်ဆတ်ဆတ် တက်တူးထိုးပြီးကာစမှာ အပ်နဲ့ မင်ရဲ့ ဒဏ်ကြောင့် အရေပြားအပေါ်ယံလွှာ ပျက်စီးပြီး တစ်ခါတစ်ရံ ယားယံခြင်း ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ ယားနေပါစေ တက်တူးထိုးထားတဲ့ အရေပြားကိုတော့ ကုတ်ဖဲ့တာတွေ မလုပ်သင့်ပါဘူး။ ပြန်ကောင်းဖို့ အရေပြားဆဲလ်တွေ အလုပ်လုပ်နေတဲ့အချိန်မှာ တက်တူးကိုလည်း ပျက်စီးစေနိုင်သလို အရေပြားပိုးဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။
တက်တူးထိုးတဲ့နေရာက ဘာလို့ယားရတာလဲ။

၁။ ထိုးပြီးကာစမှာ ယားယံမှုပိုအဖြစ်များပြီး တက်တူးထိုးထားတာ တော်တော်ကြာရင်လည်း ယားတတ်ပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ နေရာကို ပြန်လည်ကုစားဖို့ အရေပြားက အလုပ်လုပ်နေတာကြောင့်လည်း ဖြစ်နိုင်သလို ပိုးဝင်တာလည်း ဖြစ်နိုင်ပါတယ်။

၂။ တက်တူးထိုးလိုက်တဲ့အခါ ကျန်ခဲ့တဲ့ ဒဏ်ရာကို အရေပြားက ဖြည်းဖြည်းချင်းကုစားပါတယ်။ ဒဏ်ရာကြောင့် နီရဲနေတဲ့ အရေပြားထဲ ပိုးမဝင်ဖို့၊ အပေါ်ယံတစ်သျှူးတွေကို ပြုပြင်ပေးဖို့ အလုပ်လုပ်နေချိန်မှာ အနည်းငယ် ယားယံနိုင်ပါတယ်။

၃။ အရေပြားရဲ့ အပေါ်ယံလွှာ (Epidermis) နဲ့ အလယ်လွှာ (Dermis) ကို မင်နဲ့ အပ်ဖြင့် ထိုးဖောက်လိုက်တဲ့အခါ ပိုးဝင်နိုင်ပါတယ်။ အထူးသဖြင့် ထိုးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဝင်တာဖြစ်ပြီး ယားယံတာအပြင် ရောင်တာ၊ နီရဲတာ၊ အရည်စိမ့်ထွက်တာဖြစ်နိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အခြေအနေမှာ အပြင်းဖျားပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေတတ်လို့ ဆရာဝန်နဲ့ ပြသကြည့်တာ အကောင်းဆုံးပါပဲ။

၄။ တက်တူးထိုးတဲ့နေရာမှာ အသုံးပြုတဲ့ မင်နဲ့ ဓာတ်မတည့်တဲ့အခါမှာလည်း ယားယံတတ်ပါတယ်။ တချို့သော တက်တူးမင်တွေဟာ ပလတ်စတစ်ကနေ အရောင်ဆိုးဆေးအဖြစ် ပြုလုပ်ထားတာဖြစ်ပြီး အရေပြားအတွင်းသို့ ဝင်ရောက်တဲ့အခါ ဓာတ်မတည့်တာနဲ့အတူ ဆိုးဆိုးရွားရွား ယားယံတာအပြင် အရေပြားနီမြန်းတာ၊ အဖုလေးတွေ အစုလိုက်အပြုံလိုက် ထွက်တာမျိုးတွေလည်း ရှိပါတယ်။ ထိုးပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိကို မင်က အရေပြားထဲမှာ ကျန်နေတဲ့အတွက် ယားယံတတ်ပါတယ်။

၅။ ဓာတ်မတည့်တာအပြင် မသန့်ရှင်းတဲ့ မင်တွေသုံးတဲ့အခါမှာလည်း အရေပြားက ယားယံခြင်းတွေ ဖြစ်နိုင်ပါတယ်။

၆။ အသားခြောက်ပြီး ပပ်တဲ့သူတွေ၊ အရေပြားနှင်းခူ အစရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်နေတဲ့နေရာကို တက်တူးထိုးမိရင်လည်း အင်ပျဉ်ထသလို နီရဲပြီး ယားယံသလို အကွက်တွေထနိုင်ပါတယ်။

၆။ ထိုးပြီး တော်တော်ကြာနေတဲ့ တက်တူးတွေမှာ Sarcoidosis လို့ခေါ်တဲ့ ခုခံအားတုံ့ပြန်မှုရောဂါတွေ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ အလွန်အမင်း ယားယံပြီး နီရဲခြင်းကို ဖြစ်စေသလို ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာစေနိုင်သည်အထိ ပြင်းထန်တတ်ပါတယ်။
ယားယံနေတဲ့တက်တူးအရေပြားအတွက် ဘာလုပ်သင့်လဲ။

အရေပြားယားတဲ့အချိန်ဆို လူတော်တော်များများက လက်သည်းနဲ့ ကုတ်ဖဲ့တတ်ကြပါတယ်။ ပုံမှန်အရေပြားဆိုရင်တောင် ကုတ်လိုက်ရင် အရေပြားပွန်းပဲ့ပြီး ပိုးဝင်နိုင်တာ၊ သူ့ထက် ပိုပါးနေပြီး ပြုပြင်ကုသဖို့ အချိန်ယူနေရတဲ့ အရေပြားဆိုရင် ပိုပြီးတောင် မကုတ်သင့်ပါဘူး။ တက်တူးကိုလည်း ပျက်စီးစေတဲ့အပြင် အရေပြားတွင်း ပိုးဝင်သွားတဲ့အခါ ဝေဒနာက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် တက်တူးထိုးပြီးနောက် အရေပြားယားယံလာပြီဆိုရင် အောက်မှာ ပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

၁။ အရေပြားကို ပုံမှန်အစိုဓာတ်ထိန်းပေးပါ။ ခြောက်နေတဲ့အချိန်ဆိုရင် ပိုပြီးတော့ ယားယံနိုင်တာကြောင့် ဖြစ်ပါတယ်။ တက်တူးထိုးပေးတဲ့သူကု အစိုဓာတ်ထိန်းလို့ရတဲ့ နည်းလမ်းတွေကို မေးမြန်းကြည့်လို့ရတဲ့ အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် အမွှေးရနံ့မရှိ၊ ယားယံခြင်းမဖြစ်စေတဲ့ lotion လိမ်းပေးလို့လည်း ရပါတယ်။

၂။ ဆေးဆိုင်ကနေ အလွယ်တကူ ဆေးဝယ်ပြီးလိမ်းတာထက် ဆရာဝန်ရဲ့ ဆေးအညွှန်းနဲ့ လိမ်းပေးတာ ပိုကောင်းပါတယ်။ သက်တမ်းနည်းနည်းကြာနေတဲ့ တက်တူးတွေအတွက်ဆိုရင် Hydrocortisone ပါတဲ့ လိမ်းဆေးတွေကို လိမ်းပေးလို့ ရပါတယ်။

၃။ တက်တူးထိုးထားတဲ့ နေရာမှာ ရေခဲဝတ်ကပ်ပေးခြင်းဖြင့် ယားယံတာ သက်သာစေသလို အရောင်ကျသွားစေနိုင်ပါတယ်။ ထိုးပြီးကာစ မင်နဲ့ အရေပြား အသားကျဖို့ ၂ပတ်တလောက် အနည်းဆုံးကြာတတ်တဲ့အတွက် သည်းမခံနိုင်အောင် ယားလာပြီဆိုမှ ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းကြည့်တာ အကောင်းဆုံးပါပဲ။

၄။ တခြားသော အရေပြားပြဿနာတွေ (ဥပမာ – အရေပြားနှင်းခူ၊ ပွေး၊ ညှင်း၊ မှိုစွဲရောဂါ) ရှိရင်တော့ ဒီပြဿနာကို အရင်ဆုံးပျောက်ကင်းအောင် ကုသဖို့ လိုပါတယ်။

လုံးဝသည်းမခံနိုင်အောင် ယားစေတဲ့ အကြောင်းရင်းက တက်တူးထိုးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ မင်ကြောင့်ပါပဲ။ ဒီမင်က အရေပြားအတွင်းထဲမှာ ကျန်နေတဲ့အခါ ဓာတ်မတည့်တာ၊ ယားယံတာတွေကို ဖြစ်စေတဲ့အတွက် တော်တော်လေး သည်းမခံနိုင်တော့ဘူးဆိုရင် အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး တက်တူးဖျက်တာ အကောင်းဆုံးပါပဲ။

တက်တူးထိုးထားတဲ့ နေရာယားယံစေဖို့ ဖြစ်နိုင်ခြေ အကြောင်းအရင်း အများကြီးရှိပေမယ့် တော်တော်များများက အလွယ်တကူ ကုသလို့ ရတဲ့ ပြဿနာဖြစ်ပါတယ်။ သတိထားဖို့လိုတာကတော့ ယားနေတဲ့ အရေပြားကို လက်နဲ့ လုံးဝသွားမကုတ်မိဖို့ပါပဲ။ အရေပြားတွင်း ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ အဖျားတက်တာ၊ ချမး်တုန်တာ၊ နေလို့ထိုင်လို့ မကောင်းသလို ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required