တစ်ပတ်အတွင်း ဆယ်ပေါင်ကျချင်လား၊ ဒီနည်းလမ်းတွေ လုပ်ကြည့်နော်

တစ်ပတ်အတွင်း ဆယ်ပေါင်ကျချင်လား၊ ဒီနည်းလမ်းတွေ လုပ်ကြည့်နော်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

တစ်ပတ်ထဲနဲ့ ၁ဝပေါင် ကျသွားဖို့ဆိုတာ လူတော်တော်များများကတော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပါပဲ။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာပြင်ဆင်မယ်၊ အာဟာရဖြစ်ပြီး အဆီတက်စေမယ့် အစားအစာတွေကို လုံးဝရှောင်မယ်၊ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေကိုပဲ အဓိကစားပေးမယ်၊ လေ့ကျင့်ခန်းသေချာလုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ အချိန်တိုလေးအတွင်း ဝိတ်ကျဖို့ မျှော်လင့်ထားတယ်ဆိုရင်တော့ ဒီနည်းလမ်း (၆) ချက်ကို သေချာလုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
၁။ ကစီဓာတ်လျှော့ပါ၊ ပရိုတင်းများများစားပါ။

ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက်တော့ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) က လျှော့စားသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကစီဓာတ်ရော ပရိုတင်းရောက ကိုယ်ခန္ဓာကြီးထွားမှုနဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးတာချင်း အတူတူပဲဆိုပေမယ့် ပရိုတင်းကတော့ ကျန်းမာရေးနဲ့ အလှအပအတွက် ပိုကောင်းပါတယ်။

ပရိုတင်းဓာတ်က မကြာခဏ အစာစားချင်စိတ်ကို လျှော့ချပေးတယ်။ စားပြီးတာနဲ့ ဗိုက်ဝစေပြီး ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မပြောင်းလဲမှု ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်။ ဒါကြောင့် တစ်ပတ်အတွင်းမှာ ကစီဓာတ်များတဲ့ အစားအစာတွေ ဖြစ်တဲ့ ထမင်း၊ ကန်စွန်းဥ၊ အာလူးတွေ လျှော့စားပေးပါ။ အချိုများတဲ့ မုန့်တွေ လုံးဝရှောင်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားငါး၊ ပဲအမျိုးမျိုးကို ပိုပြီး စားပေးပါ။
၂။ အသင့်စား အစားအစာမှန်သမျှ အကုန်ရှောင်ပါ။

အသင့်စား အစားအစာ အများစုက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ အစားအစာကို တာရှည်ခံဖို့ ဓာတုဗေဒနည်းပညာတွေနဲ့ ပြင်ဆင်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဒီအစားအစာတွေ များများစားရင် ကိုယ်အလေးချိန်ကို တက်စေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီတစ်ပတ်ကို ကိုယ်က ၁၀ ပေါင်ရအောင် ချမယ်လို့ ရည်မှန်းထားတယ်မလား။ ဒါဆိုရင် အသင့်စား အစားအစာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ဘာဂါ၊ ဝက်အူချောင်း၊ ဝက်သားပြား၊ ခေါက်ဆွဲခြောက် အစရှိတာတွေ ရှောင်ပါ။ အာဟာရကြွယ်ဝတဲ့ အစားအစာတွေကို များများ စားပါ။
၃။ ကယ်လိုရီပမာဏ လျှော့စားပါ။

ကစီဓာတ်လိုပါပဲ ကိုယ်အလေးချိန် ချချင်တဲ့သူတွေအတွက် ကယ်လိုရီဆိုတာ လျှော့စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကယ်လိုရီအစား ပရိုတင်းဓာတ်တွေ၊ ဗီတာမင်နဲ့ အာဟာရဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားပေးရင် ခန္ဓာကိုယ်ကလည်း သင့်ကို ပိုပြီးကျေးဇူးတင်မှာပါ။ တစ်နေ့တာကို ဟင်းသီးဟင်းရွက် များများစားပါ။ ဗိုက်ဆာတဲ့အချိန် မုန့်ပဲသရေစာတွေ မစားပါနဲ့။ အထူးသဖြင့် ညစာစားပြီးနောက်ပိုင်းနဲ့ အိပ်ခါနီးမှာ မုန့်ပဲသရေစာတွေ လုံးဝမစားသင့်ပါဘူး။ အဆီနည်းပြီး ပရိုတင်းဓာတ်များတဲ့ ကြက်သား၊ ငါးတွေကို ပိုစားပေးပါ။ ဆီများတဲ့ အကြော်အလှော်တွေကို ရှောင်ပါ။
၄။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပါ။

အနာခံမှ အသာစံရ ဆိုသလိုပါပဲ။ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်နေ့တာ အစားအစာကို ဂရုစိုက်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ အထူးသဖြင့် တစ်ပတ်ထဲနဲ့ ပေါင်အများကြီး ချဖို့ စဉ်းစားထားတယ်ဆိုရင် ပိုပြီးတောင် ပြင်းပြင်းထန်ထန် လုပ်သင့်ပါတယ်။ ဒါမှပဲ သွေးထဲက မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေ လျင်မြန်စွာ လောင်ကျွမ်းပြီး အဆီကျ ဗိုက်ချပ် သွယ်လျလာမှာပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ ဆော့တာ ပိုပြီး ထိရောက်မှုရှိပါတယ်။ အလေးများများမပါ။ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုတည်းကို ကွက်ပြီး ဆော့တာထက် ကိုယ်ခန္ဓာအပေါ်ပိုင်း၊ အာက်ပိုင်း၊ လက်မောင်း၊ ပုခုံး၊ တင်၊ ခြေသလုံး နေရာအစုံကို ထိနိုင်မယ့် လေ့ကျင့်ခန်းတွေကို အဓိကဆော့ပေးပါ။ မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ပါ။ ပြေးပါ။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ ဒိုက်ထိုးတာ၊ အိပ်ထ မတင်လုပ်တာ၊ ထိုင်ထလုပ်တာ အစရှိတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့လည်း ရပါတယ်။
၅။ အကြာကြီး မထိုင်ပါနဲ့။

ထိုင်နေရင် အဆီတွေ၊ ကယ်လိုရီတွေက တစ်နေရာထဲမှာ ကွက်ပြီး စုနေဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အလုပ်၊ ကျောင်းမှာ တစ်နေကုန် ထိုင်နေတာထက် နာရီဝက်ခြား တစ်ခါလောက် အိမ်သာသွားတာ၊ လမ်းထလျှောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် လှုပ်လှုပ်ရှားရှားနေပေးပါ။ အလုပ်ကိုလည်း ကားစီးသွားမယ့်အစား လမ်းလျှောက်တာ၊ စက်ဘီးစီးသွားတာမျိုး လုပ်လို့ ရသလို အိမ်မှာအမြဲနေနေရတယ်ဆိုရင်လည်း အခန်းသန့်ရှင်းရေးလုပ်တာ၊ အိမ်အလုပ်တွေ လုပ်ပေးနိုင်မယ်ဆိုရင် ကယ်လိုရီအပိုတွေ ကျဖို့ ပိုမြန်ပါတယ်။
၆။ ရေကို လိုအပ်တာထက် ပိုမသောက်ပါနဲ့။

ရေဆိုတာ ကိုယ်ခန္ဓာက လိုအပ်သလောက် သောက်ပေးမယ်ဆိုရင်တော့ အဆင်ပြေပေမယ့် များသွားရင်တော့ ဗိုက်ကြီးက ဖောရောင်နေပြီး ရေရဲ့ အလေးချိန်တွေ ပိုတိုးနိုင်ပါတယ်။ ဒါကြောင့် ရေကို တစ်နေ့ ၂လီတာ မှ ၃လီတာအထိပဲ သောက်ပေးပါ။

ဒီနည်းလမ်းကတော့ တစ်ပတ်အတွင်း ကိုယ်အလေးချိန် အမြန်ဆုံးကျစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်က တစ်ပတ်လောက်ပဲ လုပ်ပြီး ပြီးသွားတာနဲ့ နဂိုပုံစံအတိုင်း ပြန်နေ၊ ပြန်စားမယ်ဆိုရင်တော့ အရင်ပုံစံအတိုင်းပဲ ဖြစ်သွားမှာပါနော်။ ကိုယ်က လှချင်တယ်၊ ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင်တော့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို အခုကတည်းက သေချာပြင်ဆင်ထားမှ အဆင်ပြေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required