ဂျာဂင်ကလော့ပ်ကို သောကြာနေ့တွင် နည်းပြသစ်အဖြစ် ခန့်အပ် မည်ဟု လီဗာပူးလ်အသင်းမျှော်လင့်နေ

ဂျာဂင်ကလော့ပ်ကို သောကြာနေ့တွင် နည်းပြသစ်အဖြစ် ခန့်အပ် မည်ဟု လီဗာပူးလ်အသင်းမျှော်လင့်နေ

လီဗာပူးလ်၊ အောက်တိုဘာ ၆ ။               ။ လီဗာပူးလ်အသင်းသည် နည်းပြ ဘရန်ဒန်ရော်ဂျာကို ထုတ်ပယ်ခဲ့ပြီးနောက်တွင် ဒေါ့တ်မွန်နည်းပြဟောင်း ဂျာဂင်ကလော့ပ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကြိုးပမ်းလျက်ရှိပြီး လာမည့်သောကြာနေ့မတိုင်ခင် အသင်း၏နည်းပြသစ်အဖြစ်ခန့်အပ်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။

လီဗာပူးလ်နည်းပြနေရာအတွက် ဂျာဂင်ကလော့ပ်နှင့် ရီးယဲလ်နည်းပြဟောင်း အန်စလော့တီတို့ ရေပန်းစားလျက်ရှိနေသော်လည်း ကလော့ပ်၏ သတင်းများပိုမိုထွက်ပေါ်နေပြီး ယခုနောက်ဆုံး အလွန်နီးစပ်နေပြီဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။

ဂျာဂင်ကလော့ပ်၏ ကိုယ်စားလှယ်နှင့် လီဗာပူးလ်အသင်းတို့သည် နောက်ဆုံးအဆင့်ဆွေးနွေးနေကြပြီး လာမည့် ၄၈ နာရီအတွင်း အပြီးသတ်ကာ သောကြာနေ့တွင် ထိုသတင်းကို အတည်ပြုကြေညာနိုင်ရန် မျှော်လင့်နေကြသည်။

လီဗာပူးလ်အသင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် စပါးအသင်းနှင့်ဝှိုက်ဟတ်လိန်းကွင်း၌သွားရောက်မယှဉ်ပြိုင်မီ ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ဂျာဂင်ကလော့ပ်ကို နည်းပြသစ်အဖြစ် အလျင်အမြန်ခန့်အပ်လိုလျက်ရှိနေသည်။

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်သည့် Fenway Sports Group သည် ဂျာဂင်ကလော့ပ်ကို ယခင်ကတည်းခေါ်ယူလိုခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့ ဖြစ်မြောက်ခြင်း မရှိခဲ့ပေ။

အသက် ၄၈ နှစ်အရွယ်ရှိ ဂျာဂင်ကလော့ပ်သည် ဒေါ့တ်မွန်အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါဖလားကို နှစ်ကြိမ်တိုင်ရယူနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ၏ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို နှစ်ကြိမ် ရရှိခဲ့ဖူးသူ ဖြစ်သည်။ ၂၀၁၂-၁၃ ရာသီကလည်း ဒေါ့တ်မွန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

Ref ; တယ်လီဂရပ်ဖ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly