တံငါသည်မိသားစုတစ်စုရဲ့ တနေ့တာ

တံငါသည်မိသားစုတစ်စုရဲ့ တနေ့တာ

ခပေါင်းဆည်ကြီးထဲကရေက စီးဆင်းခြင်းမရှိသလောက် ငြိမ်သက်လွန်းပါတယ်။ ရေသေလိုဖြစ်နေတာမို့လည်း ရေက နက်မှောင်ပြစ်ခဲသလိုဖြစ်နေပါတယ်။ ကမ်းစပ်ဘက်မှာ လူတရပ်ခန့်အနက်လောက်ကို စူးစမ်းတဲ့သဘော ဆင်းကြည့်မယ်ဆိုရင် ခါးဝက်သာသာမြင့်တဲ့ ရေမှော်ပင်တွေ သစ်ပင်သစ်ကိုင်းတွေ ရှုပ်ထွေးနေလို့ အကြောင်းမသိတဲသူဆိုရင် အဲဒီ သစ်ကိုင်းတွေနဲ့ ခြေတွေလက်တွေ ညိပြီး ရေကူးဖို့ ခက်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ရုန်းကန်ပြီး ရေပေါ်ကိုမတက်သင့်ဘဲ အသာလေးမျှောပြီး ရေပေါ်တက်ရင် အလွယ်ကလေး တက်လို့ရမှာဖြစ်ပေမယ့် ကိုယ်က ထိတ်လန့်တကြား ရုန်းကန်ရင်တော့ အဲဒီ ရေမှော်တွေ သစ်ကိုင်းတွေနဲ့ညိပြီး လှုပ်လေမြုပ်လေဆိုသလိုဖြစ်မှာသေချာတယ်လို့ ဦးတေဇက ပြောပြပါတယ်။ ကျနော်က ရေမကူးတတ်သူဖြစ်တာမို့ ရေပြင်ကြီးကိုကြည့်ပြီး ကြက်သီးထမိပါတယ်။

ဦးတေဇတို့မိသားစုအနေနဲ့ ခွန်အားအဓမ္မစိုက်ထုတ်ပြီး ဝမ်းစာရှာရတာမျိုးမဟုတ်ပေမယ့် တနေ့တာ ငါး သုံးလေးပိဿာထက်ပိုပြီးတော့လည်း သဘာဝတရားကြီးက မပေးပါဘူး။ ကိုယ်လိုချင်သလောက် အားစိုက်လုပ်သည့်တိုင် ငါးက အဲသလောက်ထက်ပိုမရပါဘူး။ တစ်ခါတလေ အင်မတိအင်မတန် ကံကောင်းရင်တော့ ဆယ်ပိဿာလောက်ရတတ်ပေမယ့် ရှစ်ပိဿာဟာ အလွန်ဆုံးပါပဲ။ ရေအကြောင်း ငါးအကြောင်း နားလည်တဲ့သူ ဦးလေဇသည်ပင်လျင် ဆယ်ပိဿာဆိုတာ ရခဲလှပါတယ်လို့ ဆိုပါတယ်။

မနေခြည်ချိုနဲ့့ကိုမြတ်ထက်ထွန်းတို့ကတော့ မနက်ဝေလီဝေလင်းကတည်းက အိပ်ယာထကြပါတယ်။ ဦးတေဇရဲ့ဇနီးဖြစ်သူက တံဘက်တစ်ထည်ခေါင်းပေါင်းပြီး လှေထဲဆင်းပြီး ရေတွေပက်ထုတ်နေပါတယ်။ ဦးတေဇလည်း လှေပေါ်တက်ပါတယ်။ ကျနော်တို့လည်း အလင်းရောင်ယှက်သန်းကာစအချိန် ဆည်ကြီးထဲ မြူတွေဝေ့မှိုင်းနေတဲ့အချိန် ဦးတေဇတို့လင်မယားရဲ့လှေကလေးနောက်က လိုက်လာကြပါတယ်။ မနေခြည်ချိုနဲ့ ကိုမြတ်ထက်ထွန်းတို့က ဗီဒီယိုကင်မရာကိုယ်စီနဲ့ တချိန်လုံး ဗီဒီယိုရိုက်ကြပါတယ်။

“ဒါဟာ တံငါသည်တစ်ဦးရဲ့ တနေ့တာအစပေါ့” လို့ပြောရင်း မနေခြည်ချိုက တက်တက်ကြွကြွ ဗီဒီယိုရိုက်ပါတယ်။
အိမ်ရှေ့မြောင်ရွာက ကျနော်တို့ရဲ့စက်လှေဆရာ ကိုထွန်းခင်က ညတုန်းက တဲမှာ ကျနော်တို့နဲ့အတူ မအိပ်ပါဘူး။ သူက ည ကိုးနာရီလောက်ကြမှ အိမ်ရှေ့မြောင်ရွာကိုပြန်အိပ်ပါတယ်။ မနက်အစောကြီး နေမထွက်ခင်ပြန်လာမယ်လို့ပြောရင်း အမှောင်ထုကြီးထဲ နစ်ဝင်ပျောက်ကွယ်သွားတဲ့ ကိုထွန်းခင်ရဲ့စက်လှေသံကိုနားစွင့်ရင်း ကျနော်က ကိုထွန်းခင်အတွက် စိတ်ပူမိပါတယ်။ သူ့မှာ လက်နှိပ်ဓါတ်မီးမပါလို့ စိတ်ကူးနဲ့မှန်းပြီး စက်လှေမောင်းရမှာပဲလို့တွေးပြီး စိုးရိမ်နေပေမယ့် ကိုထွန်းခင်ကတော့ ဘာအခက်အခဲမှမရှိသလို စက်လှေကို ကျွမ်းကျွမ်းကျင်ကျင်ဘဲ ဖေါင်ကခွါသွားခဲ့ပါတယ်။

ညတုန်းက ထမင်းစားကြတဲ့အခါ ဧည့်သည်ဖြစ်တဲ့ ကျနော်တို့က ထမင်းအရင်စားကြရပါတယ်။ အိမ်ရှင်တွေနဲ့အတူဝိုင်းဖွဲ့စားချင်ပေမယ့် မိသားစုချည်းပဲသပ်သပ် ညစာထမင်းဝိုင်းကို ဗီဒီယိုရိုက်ချင်တယ်လို့ မနေခြည်ချိုကပြောလို့ ကျနောတို့်က အရင် ထမင်းစားနှင့်ကြတာပါ။ လူသူမနီး စျေးနဲ့မနီးပေမယ့် ကျနော်တို့က ဟင်းကောင်းတော့ စားခဲ့ကြရပါတယ်။ အထူးသဖြင့် တလားဘီးယားလို့ခေါ်တဲ့ အကောင်ကြီးကြီးငါးတွေကို ကြော်တန်ကြော် ချက်တန်ချက်ထားတာမို့ စိတ်ကြိုက်ထမင်းစားခဲ့ကြရပါတယ်။ ကန်စွန်းရွက်ပြုတ် ငါးပိရည်ကလည်း မွှေးနေတာပါပဲ။ ဟင်းစားရှာဖို့ ခက်ခဲတဲ့နေရာမှာ ဧည့်သည်လုပ်ရတာ အားနာပေမယ့် တနေကုန်ပင်ပမ်းလာကြတဲ့ ကျနော်တို့အဖို့ ညစာထမင်းဝိုင်းဟာ အင်မတန်စားကောင်းတဲ့ ထမင်းဝိုင်းဖြစ်ပါတယ်။ အထူးသဖြင့် တလားဘီးယားငါးကတော့ အားမနာတမ်း ပေါများလှတာမို့ ကျနော်တို့လည်း အားပါးတရ ထမင်းစားခဲ့ကြရပါတယ်။

ကျနော်တို့ထမင်းစားပြီးတော့ ဦးတေဇက သူ့သမီး အပျိုဖေါ်ဝင်ကာစကို ခတ်တိုးတိုးခေါ်ပြီး စကားပြောတာတွေ့ရပါတယ်။ သမီးလေးက စကားပြောပြောချင်း သူ့အမေဆီက ပိုက်ဆံတောင်းပြီး တဲအပြင်ဘက်ထွက်ပါတယ်။ လှေကလေးပေါ်တက်ဖို့့ပြင်ပါတယ်။ ကျနော်က ဘာလုပ်ဖို့့လည်း ဘယ်သွားမလို့လည်းလို့မေးတော့ ကွမ်းယာနဲ့ဆေးလိပ်သွားဝယ်မလိို့လို့ပြောပါတယ်။ ကျနော်တို့က သွားမဝယ်ဖို့ပြောပေမယ့် မရပါဘူး။ ကလေးမလေးရဲ့လှေကလေးဟာ မှောင်မည်းတိတ်ဆိတ်လှတဲ့ ခပေါင်းဆည်ကြီးထဲ တိုးဝင်သွားပါတယ်။ သူ့နဖူးမှာတော့ ခေါင်းကိုသားရေပင်နဲ့ပတ်ထားတဲ့ လက်နှိပ်ဓါတ်မီးလေးတော့ ပါသွားပါတယ်။ အရွယ်ရောက်စမိန်းကလေးတစ်ဦး၊ အမှောင်ထုကြိးထဲ တစ်ယောက်တည်း လှေလှော်ပြီး တိုးဝင်ပျောက်ကွယ်သွားတာကိုကြည့်ပြီး ကျနော့်မှာ စိုးရိမ်မိ အံ့သြနေမိပါတယ်။ ခဏကြာတော့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့ကိုဧည့်ခံဖို့ဆိုပြီး လဘက်သုပ်အထုပ်တွေပါ ပါလာပါတယ်။ စျေးဆိုင်ရှိတဲ့ဖေါင်က သိတ်မဝေးဘူးလို့ ပြောပါတယ်။

ညတုန်းက ကျနော်တွေးမိတာတစ်ခုရှိခဲ့ပါသေးတယ်။ ကျနော်တို့ရောက်နေတဲ့ဖေါင်နဲ့ ကမ်းစပ်ကုန်းမြေနဲ့က ၀ါးပိုးဝါးနှစ်လုံးနဲ့ပဲ ကူးသွားရတာပါ။ ကုန်းကလည်း တက်တက်ချင်း အမြင့်ကို မနည်းတက်ရပါတယ်။ အဲဒီကုန်း ခတ်မြင့်မြင့်ပေါ်ရောက်ရင်တော့ သစ်ပင်တောအုပ်ထဲ ရောက်တာပါပဲ။ ဦးတေဇတို့မိသားစုအတွက် အိမ်သာဆိုတာ အဲဒီတောအုပ်ကလေးပါပဲ။ ကျနော်တို့ဧည့်သည်အားလုံးလည်း အဲသလိုပဲ အလေးအပေါ့သွားခဲ့ကြရပါတယ်။ မိုးတွင်းအခါဆိုရင်တော့ ဒီတောင်ကုန်းပေါ် အလွယ်တကူတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအခါကြရင်တော့ ဖေါင်ပေါ်က တဲဘေးမှာပဲ ကိစ္စပြိးကြမယ့်သဘောကိုတွေးပြီး ဦးတေဇတို့မိသားစုရဲ့ နေထိုင်ရေးနဲ့ ကျန်းမာရေးအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မနေ့တုန်းက ကျနော်တို့မှာ ရေသန့်ဗူးတွေ အလုံအလောက်ပါလာတာမို့ ဆည်ရေတော့ မသောက်ခဲ့ကြရပါဘူး။ ဦးတေဇတို့မိသားစုအဖို့တော့ နက်မှောင်ပြစ်ခဲနေတဲ့ ဒီဆည်ရေကိုပဲ သုံးရေသောက်ရေလုပ်ကြရဟန်တူပါရဲ့။

ညတုန်းက အတွေ့အကြုံတချို့ ပြန်တွေးရင်း စက်လှေပေါ်မှာ ငြိမ်ကုပ်ပြိီးလိုက်လာတဲ့ကျနော်ဟာ ရှိုကလေးတစ်ခုအနား စက်လှေကပ်တဲ့အခါ ရုတ်တရက် တအံ့တသြဖြစ်ပြီး ဓါတ်ပုံတွေ တစ်ပုံပြီးတစ်ပုံရိုက်ရပြန်ပါတယ်။ ကျနော် တချိန်တုန်းက စိတ်ကူးယဉ်တမ်းတခဲ့ဖူးတဲ့ မြင်ကွင်းတချို့ကို မမျှော်လင့်ဘဲ မြင်လိုက်ရလို့ပါပဲ။

ဆက်လက်ဖတ်ရှုပါရန်…။

 

 

Mizzima Weekly