အေဂျက်စ်ကို လူးကပ်စ်မော်ရာ အသည်းခွဲလိုက်ပြီး စပါးရဲ့ ‘စူပါ-ဟီးရိုးတွေ’ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်

အေဂျက်စ်ကို လူးကပ်စ်မော်ရာ အသည်းခွဲလိုက်ပြီး စပါးရဲ့ ‘စူပါ-ဟီးရိုးတွေ’ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်
Photos: EPA

ဗုဒ္ဓဟူးနေ့က စပါးအသင်းဟာ လူးကပ်စ်မော်ရာရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အေဂျက်စ်ကို အသည်းခွဲလိုက်ပြီး အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် စိတ်လှုပ်ရှားတက်ကြွနေတဲ့ ပိုချက်တီနိုက သူ့ရဲ့ ကစားသမားတွေကို "စူပါ-ဟီးရိုးတွေ"လို့ ခေါ်ဆိုလိုက်ပါတယ်။

စပါးအသင်းကလည်း လီဗာပူးလ်ရဲ့ အံ့အားသင့်ဖွယ်ပြန်လာမှုအပြီး နှစ်ကျော့ပေါင်း (၀-၃) အရှုံးကနေ မယုံကြည်နိုင်စရာ ပြန်လာနိုင်ခဲ့အပြီး အဝေးဂိုးစည်းမျဉ်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို All English Final ဖြစ်စေခဲ့ပါတယ်။

အေဂျက်စ်အသင်းဟာ ပွဲချိန် (၅)မိနစ်မှာ ဒီလစ်ရဲ့ ခေါင်းတိုက်ဂိုး၊ ပွဲချိန် (၃၅)မိနစ်မှာ ဇီယာ့ရှ်ရဲ့ ဒုတိယဂိုးနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ပြီး ဗိုလ်လုပွဲလမ်းကြောင်းပေါ် ရောက်နေပြီလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲချိန် (၅၅၊ ၅၉) မိနစ်တွေမှာ စပါးရဲ့ လူးကပ်စ်မော်ရာက (၂)ဂိုးဆက်၊ နာကျင်အချိန်ပို (၆)မိနစ်မှာတော့ မော်ရာကပဲ စပါးအတွက် သမိုင်းမှတ်တမ်းတင်ဂိုးကို သွင်းယူပေးခဲ့ပြီး နှစ်ကျော့ပေါင်း (၃-၃)ဂိုး အဝေးဂိုးအားသာချက်နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

စပါးအသင်းဟာ အခုဆိုရင် ဇွန် ၁ ရက်၊ မက်ဒရစ်မြို့မှာ comeback kings ဖြစ်တဲ့ လီဗာပူးလ်နဲ့ တွေ့ဆုံမှာဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး All English Final ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

"ဒါဟာ ကျနော့်ဘဝမှာ အရေးကြီးဆုံးသော ညတွေထဲက တစ်ညဖြစ်ပါတယ်။"လို့ ပွဲအပြီးမှာ မျက်ရည်စတွေနဲ့ ပိုချက်တီနိုက ပြောပါတယ်။ "အရေးကြီးဆုံးအရာက ကျနော့်ကစားသမားတွေကို congratulation ပါ။ သူတို့ဟာ ကြီးကျယ်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပါတယ်။"

"သူတို့ဟာ သူရဲကောင်း (ဟီးရိုး)တွေဖြစ်တယ်လို့ ဒီ့မတိုင်မီက ကျနော် ပြောခဲ့ပါတယ်။ သူတို့ဟာ အခုဆိုရင် စူပါဟီးရိုးတွေလို့ ကျနော်ထင်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသင်း တက်ရောက်နိုင်ခဲ့တာဟာ အ့ံသြဖွယ်ရာ တစ်ခုလိုဖြစ်နေပါတယ်။"

အေဂျက်စ်အသင်းကတော့ လူးကပ်စ်မော်ရာရဲ့ နာကျင်အချိန်ပိုမှာ သွင်းတဲ့ အဆုံးအဖြတ်ဂိုးကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်တက်ရောက်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။

လူးကပ်စ်မော်ရာအနေနဲ့ ဒယ်လ်ပီယာရို၊ အိုလစ်၊ လီဝန်ဒေါစကီး၊ စီရော်နယ်လ်ဒိုတို့ပြီးနောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ (၅)ဦးမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly