ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီနဲ့ ကြင်ရာတော်က သားတော်လေးအား ပြည်သူကို မိတ်ဆက်ပြသ

ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီနဲ့ ကြင်ရာတော်က သားတော်လေးအား ပြည်သူကို မိတ်ဆက်ပြသ

လန်ဒန်၊ မေ ၈ ။           ။ ဆူးဆက်စ်နယ်စား ဟယ်ရီနဲ့ နယ်စားကတော် မီဂန်တို့ဟာ ၎င်းတို့နှစ်ဦးရဲ့ သားဦးရတနာ မင်းသားလေးကို ဝင်ဆာနန်းတော်မှာ မီဒီယာနဲ့ တွေ့ဆုံပြီး ပြည်သူကို မိတ်ဆက်ပြသခဲ့ပါတယ်။

မေ ၆ ရက်မှာ တော်ဝင်မင်းသားတစ်ပါး ဖွားမြင်တာအတွက် ဗြိတိန်ပြည်သူတွေဟာ ပျော်ရွှင်နေကြပြီး မင်းသားလေးကို ဘယ်လို နာမည်ပေးမလဲဆိုတာအပေါ်လည်း လောင်းကြေးထပ်နေကြပါတယ်။

မီဂန်ရဲ့ မိခင်ဖြစ်သူဟာ အာဖရိကနွယ် အမေရိကန်တစ်ဦးဖြစ်တာကြောင့် ခု မင်းသားလေးဟာ တော်ဝင်မိသားစုအတွက် ပထမဆုံး သွေးနှောတဲ့ ကလေးငယ်ပဲ ဖြစ်ပါတယ်။

မင်းသားလေးဟာ ဖခင်ဖြစ်သူ ဟယ်ရီ ပြီးရင် ခုနစ်ယောက်မြောက် ထီးနန်းစိုးစံသူဖြစ်ပြီး ဘုရင်မကြီး အဲလ်လိဇဘတ်အတွက် ရှစ်ယောက်မြောက် မြစ်တော်လည်း ဖြစ်ပါတယ်။

မင်းသားလေးကို မေ ၆ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကိုယ်အလေးချိန် ၇ ပေါင်နဲ့ ၃ အောင်စ ရှိပါတယ်။

မိခင်ဘဝ ရောက်ရှိတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ မီဂန််က “လှပတဲ့ အံ့သြစရာပါပဲ။ ဒီ ကမ္ဘာမှာ ကျွန်မအတွက် အကောင်းဆုံး အမျိုးသား နှစ်ဦး ရှိနေပြီ။ ကျွန်မ အလွန်ပဲ ပျော်ပါတယ်။”လို့ မင်းသား ဟယ်ရီနဲ့ သားတော်လေးကို ရည်ရွယ်ပြီး ဖြေဆိုခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly