အာဆီယံကလပ်ချန်ပီယံရှစ်တွင် MIU FC ဖူဆယ်အသင်း ဖိုင်နယ်အဆင့် ရောက်ဖူးချင်ဟု ပြောဆို

အာဆီယံကလပ်ချန်ပီယံရှစ်တွင် MIU FC ဖူဆယ်အသင်း ဖိုင်နယ်အဆင့် ရောက်ဖူးချင်ဟု ပြောဆို
ဓာတ်ပုံ-ထွန်းထွန်းဝင်း

မေ ၈၊ ရန်ကုန် ။            ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ မြန်မာဖူဆယ်လိဂ် ၂၀၁၈ ပြိုင်ပွဲနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Open cup ၂၀၁၈ ပြိုင်ပွဲတို့တွင် ချန်ပီယံဖြစ်ခဲ့သည့် Myanmar Imperial University (MIU)အသင်းအနေဖြင့် လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် အာဆီယံ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကစားရတော့မည် ဖြစ်ရာ MIU အသင်း၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဦးဖြိုးမောင်မောင်က MIU အသင်းမှာ အာဆီယံ ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဖိုင်နယ်အဆင့်၌ မကစားဖူးသောကြောင့် ဒီနှစ်တွင်လည်း ကစားချင်ကြောင်း ပြောဆိုခဲ့သည်။

"မနှစ်ကတော့ ဆို ကျွန်တော်တို့က ဖိုင်နယ်တက်ချင်တာ ။ ဖိုင်နယ် ရောက်ဖူးချင်တယ်။ ကလပ်က ဖိုင်နယ်ကို တစ်ခါမှ မရောက်ဖူးသေးဘူး ။ ဒီနှစ်ကိုလည်း ဖိုင်နယ်ကိုသွားချင်တယ်။ ခက်တာက ဒီနှစ်က ကိုယ့်ရှိက ကစားသမားတွေရဲ့အသက်အရွယ်အပိုင်းရ ကြီးရင့်လာတာရယ် ၊အတွေ့အကြုံရှိတဲ့ကစားသမားတွေ ကြီးရင်လာတာရယ် လူငယ်မျိုးဆက်သစ်ကလည်း အဆင့်သင့်မဖြစ်သေးတဲ့အချိန်ဖြစ်နေတော့ အရမ်းကြီး မမှန်းရဲဘူး။ ဒီနှစ်က အုပ်စုတက်ရင် ပျော်နေရမဲ့အချိန်ဖြစ်နေတာ " ဟု  ဦးဖြိုးမောင်မောင်က ပြောသည်။

MIU FC သည် အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု (ခ)တွင် ကမ္ဘောဒီယားကလပ် ဖြစ်သော Down Town Sport အသင်း၊ မလေးရှား ကလပ် Melaka United အသင်းတို့နှင့်  ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အုပ်စု (က)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် PTT Chonburi Bluewave အသင်း၊ ဗီယက်နမ် ကလပ် Sanvinest Sanatech Khanh Hoa အသင်း၊ အင်ဒိုနီးရှား Black Steel Manokwari အသင်းတို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ဆက်လက်ပြီး ဦးဖြိုးမောင်မောင်က "အဓိကတော့ ကျွန်တော်တို့ AFC ကြတော့ ခြေစွမ်းနဲ့ ဝေးနေသေးတယ်။ အဲဒါတစ်ချက်ရယ် နောက် အဓိကတော့ဘတ်ဂျက်လည်း ဆိုင်တယ်။ တစ်ခြားနိုင်ငံတွေကြတော့ သွားရတာ ဝေးတယ်။ အမှန်တိုင်းပြောရရင် နေစရိတ်တွေကလည်း များတယ်။ အာဆီယံကြတော့ အိမ်နီးနားချင်းနိုင်ငံ ဆိုတော့ လေယာဉ်စရိတ်တွေ၊ ဘတ်ဂျက်စရိတ်တွေ ပြန်တွက်ရတာတွေပါ ပါတယ်။ AFC မှာဆို ကျွန်တော်တို့က အတွေ့အကြုံပဲရမယ်။ ဆုတံဆိပ်တစ်ခုကိုမျှော်မှန်းဖို့ အခြေအနေမရှိတဲ့ပုံစံမျိုးပါ " ဟု ဦးဖြိုးမောင်မောင်က ပြောသည်။

အဆိုပါ ပြိုင်ပွဲ ကို ထိုင်းနိုင်ငံတွင် လာမည့်ဇွန်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ Nakhon Ratchasima Stadium တွင် ကျင်းပသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly