ဝေးလ်တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဂါရတ်ဘေးလ် ငါးကြိမ်မြောက် စံချိန်တင် ရရှိ

ဝေးလ်တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဂါရတ်ဘေးလ် ငါးကြိမ်မြောက် စံချိန်တင် ရရှိ

ကာဒစ်ဖ်၊ အောက်တိုဘာ ၆ ။               ။ ရီးယဲလ်အသင်း၏ တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်သည် ဝေးလ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ငါးကြိမ်မြောက် စံချိန်တင် ဆွတ်ခူး ရရှိခဲ့သည်။

ထို့အပြင် ဂါရတ်ဘေးလ်သည် ကစားသမားများနှင့် ပရိသတ်များက ရွေးချယ်သော တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကိုလည်း ဆွတ်ခူး ရရှိခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိဘေးလ်သည် ရီးယဲလ်အသင်းတွင် ချန်ပီယံလိဂ်ဖလားရရှိပြီးနောက်ပိုင်း ရုန်းကန်ရလျက်ရှိသော်လည်း ဝေးလ်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်သည့် အတွက် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဇွန်လက ဘယ်လ်ဂျီယံကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲနှင့် စက်တင်ဘာလက ဆိုက်ပရပ်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲများတွင် ဘေးလ်က အနိုင်ဂိုးများသွင်းယူပေးခဲ့သည်။ ၁၉၅၈ ခုနှစ်ကတည်းက အဓိကပြိုင်ပွဲကြီးများပါဝင် ယှဉ်ပြိုင်ခွင့်မရခဲ့သည့် ဝေးလ်အသင်းသည် ဘေးလ်နှင့် ကျန်အသင်းသားများ၏ စွမ်းဆောင်ရည်ကြောင့် ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်ရန် ရမှတ်တစ်မှတ်သာ လိုအပ်သည့် အခြေအနေကို ပိုင်ဆိုင်နေနိုင်ပြီ ဖြစ်သည်။

ကာဒစ်ဖ်အသင်းမှ ဝေးလ်ယူ ၂၁ လက်ရွေးစင်ကစားသမား အိုဆူလီဗန်မှာ လူငယ်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ဝေးလ်လက်ရွေးစင်အသင်းနည်းပြ ခရစ္စကိုးလ်မန်းမှာ မီဒီယာများမှ   ရွေးချယ်သော အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။

ရီးဒင်းအသင်းမှ ဝေးလ်အမျိုးသမီးလက်ရွေးစင် နောက်ခံကစားသမား ကိုင်လီဒေးဗစ်မှာ တစ်နှစ်တာအမျိုးသမီးအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့သည်။

Ref ; ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly