နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသစ်တွင် ငါးလအတွင်း ကန်ဒေါ်လာ ၂.၅ဘီလီယံကျော်ထိ ရင်းနှီးမြှုပ်နှံမှုများ ရရှိ

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသစ်တွင် ငါးလအတွင်း ကန်ဒေါ်လာ ၂.၅ဘီလီယံကျော်ထိ ရင်းနှီးမြှုပ်နှံမှုများ ရရှိ

နေပြည်တော်၊ မေလ ၈ ရက် ။                     ။ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသစ်တွင် ငါးလအတွင်း အမေရိကန်ဒေါ်လာ ၂.၅ဘီလီကျော်အထိ ရင်းနှီးမြှပ်နှံမှုများ ရရှိနေပြီဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အဆိုပါ ဝန်ကြီးဌာကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး တတိယမြောက် နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အချိန်ကာလ ငါးလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂.၅ဘီလီကျော် အထိ ရောက်ရှိလာခြင်း ဖြစ်သည်။

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန အသစ်ဆိုပေမယ့် ငါးလလောက်ရှိပါပြီ။ဒီငါးလ အတွင်းမှာပဲ US ဒေါ်လာ ၂.၅ဘီလီယံလောက် ဝင်တာ ရှိပါတယ်။ ဒါကတော့ အစကောင်းလေးပေါ့နော်။ ဒီနှစ်မှာ ဒီ့ထက်မက ပိုဝင် မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ နိုင်ငံပေါင်းလည်း တော်တော်များများလာပါတယ်။ သီလဝါ အထူး စီးပွားရေးဇုန်ကလည်း ဝင်သလို အခြားဇုန်တွေကလည်း ဝင်နေတာ ရှိပါတယ်”ဟု ဦးသောင်းထွန်းက မေလ ၈ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း မေးခွန်းများ လာရောက် ဖြေကြားပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ပြည်တွင်း၌ ပိုမိုတိုးတက်ရရှိစေရေးအတွက်  တိုင်းနှင့်ပြည်နယ်များမှာရှိသည့် စီးပွားရေးလုပ်ငန်းများထံသို့ ရင်းနှီးမြှပ်နှံမည့်သူများကို လိုက်လံပြသွားပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ရရှိစေရန်လည်း မျှော်လင့်ထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“လုပ်ငန်းရှင်တွေ အနေနဲ့လည်း လွယ်ကူစေအောင် ကျွန်တော်တို့ ဥပဒေကို ပြင်တဲ့ အပိုင်းတွေရှိတယ်။ နောက် လုပ်ထုံး လုပ်နည်းတွေလည်း ပြင်လို့ရတဲ့ အပိုင်းမှာ ပြင်နေတာ ရှိပါတယ်။ ဥပမာ ပြောရမယ် ဆိုရင်တော့ ဒီ Company Registration ကို ကျွန်တော်တို့က အခုအွန်လိုင်းလုပ်လို့ရတဲ့အတွက် များစွာလွယ်ကူသွားတာကိုတွေ့ရပါတယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုသည် ပထမဆင့်တွင်ရှိနေသော်လည်း ယခုနှစ် မှ စတင်ကာ စင်္ကာပူနိုင်ငံ က လာရောက်ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံကို ကျော်သွားခဲ့ကြောင်း သိရသည်။

“စင်ကာပူက မြန်မာနိုင်ငံမှာ အဆင့် ၁ နေရာမှာ ရောက်ပြီး ၊ တရုတ် က နံပါတ် ၂ နေရာမှာ ရောက်သွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၊ ၂၀၃၀ ကာလ အတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ သန်းထောင်ပေါင်း ၂၀၀ ဝင်လာအောင် တားဂတ်ထားပြီး လုပ်နေပါတယ်” ဟု မေလ ၇ ရက်နေ့က နေပြည်တော်ရှိ Park Royal ဟော်တယ်တွင် ကျင်းပပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

၂၀၀၄-၂၀၀၅ ခုနှစ် တစ်နှစ်လုံးတွင် ကုမ္ပဏီများ မှတ်ပုံတင်မှု ကိုးရာကျော်သာ ရှိခဲ့သော်လည်း ယခုလက်ရှိ အချိန်တွင် တရားဝင်မှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ ခြောက်သောင်းကျော် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly