အချက် (၇) ချက် ပါဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

အချက် (၇) ချက် ပါဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြိတ်၊ မေ (၈) ။      ။ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မ လုပ်ငန်း အစီအစဉ်ရေးဆွဲရေး ဗဟုသုတ ဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြိတ်မြို့တွင် မေလ ၇ ရက်နေ့မှ စတင်၍ ၂ ရက်တာ ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရသည်။
 

“ဒီ မဟာဗျူဟာ ဆွေးနွေးပွဲမှာက တိုင်းဒေသကြီး အဆင့် ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုဆိုင်ရာ ရေးဆွဲဖို့ရာ အတွက် ဒေသခံတွေ၊ ဌာနဆိုင်ရာတွေနဲ့ အရပ်ဖက်အဖွဲ့စည်းတွေ ပူးပေါင်းပါဝင် နိုင်အောင်လို့ ဦးစားပေး ၇ ခု အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခိုင်ထွန်းက ပြောကြားသည်။

ယင်း ဆွေးနွေးပွဲကို ထားဝယ်နှင့် မြိတ်မြို့တို့တွင် ဆွေးနွေးလျက် ရှိနေပြီး၊ လာမည့် ရက်ပိုင်းတွင်လည်း ကော့သောင်းမြို့တွင် ထပ်မံသွားရောက် ဆွေးနွေးရန် ပြင်နေသည်ဟု သိရသည်။
“ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ခရိုင် ၃ ခုမှာ အလှည့်ကျ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်အထိ တက်ရောက်ဆွေးနွေးသွားမှာ ဖြစ်တာကြောင့် စုစုပေါင်း ၆ ကြိမ်လောက် အထိကို ပြုလုပ်သွားဖို့ ရှိပါတယ်။ နောက်ဆုံးမှာ ဒေသ အသီးသီးက ရရှိလာတဲ့ ရလဒ် အပေါ်မှ အချက် အလက်တွေကို စုဆောင်းပြီး၊ ပညာရှင်တွေနဲ့ ပြန်လည်ပြီးတော့ Action Plan ကို ရေးဆွဲပြီး၊ စာအုပ်ထုတ်ဖို့ အစီအစဉ် ရှိတယ်”လို့ ဦးခိုင်ထွန်းက ထပ်လောင်း ပြောဆိုသည်။

အဆိုပါ  ၂ ရက်တာ ဆွေးနွေးပွဲတွင် (၁) မြေယာအသုံးချမှုကဏ္ဍ ၊ (၂) အဏ္ဍဝါ ကမ်းရိုးတန်းကဏ္ဍ ၊ (၃) ရှေးဟောင်း သုတေသနကဏ္ဍ၊ (၄) ငါးလုပ်ငန်း ဆိုင်ရာကဏ္ဍ ၊ (၅) ခရီးသွား လုပ်ငန်းကဏ္ဍ ၊ (၆) သတ္တု ကဏ္ဍ၊ (၇) စွမ်းအင် ကဏ္ဍတို့ကို ဦးစားပေး ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။

“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲမှာ မူဝါဒတွေ ချမှတ်တဲ့အခါမှာ ဒေသခံတွေရဲ့ အသံပိုပြီး ပါဖို့ လိုအပ်ပါတယ်”ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တနင်္သာရီမြို့နယ်မှ ဒေသခံ ဦးစောအဲလ်ဖရက်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာ ခန်းမ၌ မေလ ၇ ရက်မှ ၈ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန် အထိ ပြုလုပ်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required