ဘာစီလိုနာကို လီဗာပူးလ်အသင်း အနိုင်ယူခဲ့တာကို "တကယ် ထင်တောင် မထင်ထားမိဘူး" - ကလော့ပ်

ဘာစီလိုနာကို လီဗာပူးလ်အသင်း အနိုင်ယူခဲ့တာကို "တကယ် ထင်တောင် မထင်ထားမိဘူး" - ကလော့ပ်
Photos: EPA

လီဗာပူးလ်အသင်းဟာ ဘာစီလိုနာကို ၄-၀ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ပြီးနောက် နည်းပြ ကလော့ပ်က ပထမအကျော့ ၃ ဂိုးပြတ်ကနေ ပြန်လာနိုင်ဖို့ဆိုတာ အလွန် "ခက်ခဲ"ခဲ့ပြီး ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တာနဲ့ပတ်သက်လို့ "ထင်တောင် မထင်ထားမိခဲ့ဘူး"လို့ ပြောဆိုသွားပါတယ်။

ကြိုးကြာနီတို့ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ဖာမီနိုတို့ ဒဏ်ရာပြဿနာတွေကြောင့် မပါဝင်နိုင်ခဲ့ပေယ့်  ပထမအကျော့က (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ စပိန်ထိပ်သီး ဘာစီလိုနာကို အိမ်ကွင်း အန်ဖီးလ်မှာ (၄-၀) ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူကာ နှစ်ကျော့ပေါင်း (၄-၃) ဂိုးနဲ့ ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အတွက် သွင်းဂိုးတွေကိုတော့ အော်ရီဂီနဲ့ လူစားဝင်လာတဲ့ ဝိုင်နယ်လ်ဒမ်းတို့က နှစ်ဂိုးစီ သွင်းပေးခဲ့တာဖြစ်ပါတယ်။

"ဘာစီလိုနာကို အနိုင်ယူဖို့က ကမ္ဘာ့ဘောလုံးလောကမှာ အခက်ခဲဆုံး အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ တကယ်တော့ ပထမအကျော့ ၃-၀ အရှုံးကနေ ပြန်လာပြီး ဘာစီလိုနာကို အနိုင်ယူဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် ကျနော်တို့ ၄ ဂိုးသွင်းခဲ့ပြီး ဘာစီလိုနာကို ဂိုးမပေးခဲ့ပါဘူး။ ဒီပွဲအနိုင်ရခဲ့တာကို ထင်တောင် မထင်ထားမိခဲ့ဘူး။"လို့ ကလော့ပ်က ပြောပါတယ်။

"ကွင်းထဲမှာ ဒီလို စွမ်းဆောင်ရည်မျိုးနဲ့ ကစားသွားပုံက မယုံနိုင်စရာပါပဲ။ ဒီအသင်းရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ရတာကို ကျနော် တကယ်ပဲဂုဏ်ယူမိပါတယ်။ ဒီည ကစားသမားတွေ လုပ်ဆောင်ခဲ့တာက တကယ်ပဲ ထူးခြားကောင်းမွန်လွန်းပါတယ်။ ဒါကို ကျနော် အမြဲတမ်း အမှတ်ရနေမှာပါ။"

လီဗာပူးလ်အသင်းဟာ အေဂျက်စ် သို့မဟုတ် စပါးအသင်း တစ်သင်းသင်းနဲ့ ဇွန်လ ၁ ရက်မှာ မက်ဒရစ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကြိုးကြာနီတို့ဟာ ၂၀၀၅ ခုနှစ် အစ္စတန်ဘူလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အေစီမီလန်ကို ၃-၀ နဲ့ အရှုံးကနေ ပြန်လာနိုင်ခဲ့ပြီး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်က အသင်းရဲ့ အရေးကြီးဆုံးဟာ သူတို့ကိုယ်တိုင် သမိုင်း ဖန်တီးရေးထိုးပဲဖြစ်တယ်လို့ အလေးအနက် ပြောပါတယ်။

"ကျနော်တို့ ဒီအခွင့်အရေးတွေကို ယုံကြည်ခဲ့ပါတယ်။ ကျနော်တို့ ဘာပဲဖြစ်ဖြစ် အစ္စတန်ဘူလ်က အဖြစ်အပျက်နဲ့တော့ မနှိုင်းယှဉ်ခဲ့ပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင်သမိုင်းကို ဖန်တီးလိုပါတယ်။ ကျနော်တို့ စာမျက်နှာသစ်တွေ လိုအပ်ပြီး ဒါကို ကောင်လေးတွေက လုပ်ဆောင်ပြခဲ့ပါတယ်။"လို့ ကလော့ပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရာသီကုန်ဆုံးဖို့ ၁ ပွဲအလိုအထိ ရမှတ် ၉၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းကို ၁ မှတ်အကွာနဲ့ ဖိအားပေးနေတာလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly