ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ

ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိသားစုအတွက် အမြဲဟင်းချက်ပေးနေတဲ့ အိမ်ရှင်မတွေအတွက် ပန်းသီးရှာလကာရည်နဲ့ စိမ်းမယ်တော့ မထင်ပါဘူး။ ပင်ကိုယ်အနံ့လေးက တော်တော်လေး စူးရှပြီး ပြင်းလို့ မကြိုက်ကြပေမဲ့ အသားငါးတွေ သန့်စင်ပေးဖို့နဲ့ နူးအိပြီး ဟင်းချက်ရာမှာ ပိုမိုကောင်းမွန်တဲ့ အရသာရှိစေဖို့ ထည့်သုံးကြပါတယ်။ ဒီလို

ပန်းသီးရှာလကာရည်ကို ပြုလုပ်ဖို့ အရင်ဆုံး ပန်းသီးတွေကို ကြိတ်ချေပြီး အချဉ်ဖောက်ရပါတယ်။ ဒုတိယအဆင့်အနေနဲ့ အချဉ်ဖောက်ထားတဲ့အရည်ကိုမှ ရှာလကာရည်ဖြစ်အောင် အက်ဆစ်ဓာတ် ထပ်ဖြည့်ပေးရပါတယ်။ ချဉ်တဲ့ အရက်လို့လည်း ခေါ်တဲ့ ရှာလကာရည်မှာ ပရိုတင်းဓာတ်တွေ၊ အင်ဇိုင်းတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အကျိုးပြုဘက်တီးရီးယားတွေ၊ အမိုင်နိုအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ကယ်လိုရီပမာဏ အနည်းငယ်သာ ပါဝင်ပါတယ်။

ဟင်းချက်တဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့ ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိနေမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ မကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးတယ်။

ပန်းသီးရှာလကာရည်ဟာ အူလမ်းကြောင်းနဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးတယ်။ လက်သည်းမှိုစွဲတာ၊ ဦးရေပြား သန်းတွယ်တာ၊ ကြွက်နို့နဲ့ နားထဲပိုးဝင်ခြင်းကို ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ အနာသန့်စင်ဖို့ ပန်းသီးရှာလကာကို အသုံးပြုလို့ရတဲ့အပြင် အနာထဲပိုးမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သဘာဝနည်းလမ်းနဲ့ အစားအစာတွေကို မပုပ်မသိုးဘဲ တာရှည်ခံအောင် ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ ပန်းသီးရှာလကာရည်ဟာ အကောင်းဆုံးပါပဲ။
၂။ ဆီးချိိုရောဂါရှင်တွေအတွက် အထူးသင့်လျော်တယ်။

အမျိုးအစား (၂) ဆီးချိုဝေဒနာရှင်တွေ ပန်းသီးရှာလကာရည်ကို ပုံမှန်သောက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ အိပ်ခါနီး ပန်းသီးရှာလကာရည် ၂ဇွန်းကို ရေနဲ့ မွှေသောက်ပေးရင် မနက်နိုးလာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ၄ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ပါတယ်။ အင်ဆူလင်ကို အလုပ်ကောင်းကောင်းလုပ်စေလို့ သွေးတွင်းသကြားဓာတ်ကို သေချာဖြိုခွဲပေးနိုင်တဲ့အတွက် ဆီးချိုရောဂါရှင်တွေအတွက်တော့ တော်တော်လေးကောင်းတဲ့ ဓာတ်စာတစ်မျိုးပါပဲ။
၃။ ကိုယ်အလေးချိန်ကို ကျစေပါတယ်။

ပန်းသီးရှာလကာရည်ဟာ ရင်ပြည့်စေလို့ အစာတွေ အများကြီးမစားဖို့ ထိန်းပေးနိုင်တယ်။ ကယ်လိုရီပမာဏလည်း အနည်းငယ်သာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်ချချင်သူတွေ၊ ဗိုက်အဆီချဖို့ ကြိုးစားနေတဲ့သူတွေဆိုရင် ပန်းသီးရှာလကာရည်ကို အမြဲမှီဝဲသင့်တယ်နော်။
၄။ ကိုလက်စထရောကို ကျစေပြီး နှလုံးကျန်းမာစေတယ်။

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းများစွာရဲ့ အသက်ကို ခြွေယူနေတဲ့ ရောဂါတွေထဲက တစ်ခုပါပဲ။ ဒီလိုနှလုံးရောဂါမဖြစ်စေဖို့ ကာကွယ်ပေးတဲ့နေရာမှာ ပန်းသီးရှာလကာရည်ဟာလည်း တော်တော်အသုံးဝင်ပါတယ်။ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သွေးတိုးကျစေပြီး နှလုံးနဲ့ ကျောက်ကပ်ကို အားကောင်းစေပါတယ်။
၅။ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

ပန်းသီးရှာလကာရည်မှာ ကင်ဆာရောဂါဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ပန်းသီးရှာလကာရည်ကို ဘယ်လိုနေရာမှာ အသုံးပြုလို့ရလဲ။

အသားတွေ မချက်ပြုတ်ခင်မှာ အရင်ဆုံး ပန်းသီးရှာလကာရည်နဲ့ စိမ်ပေးရင် အသားက နူးအိစေပြီး ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဟင်းချက်လိုက်တဲ့အခါ မြန်မြန်နဲ့ ကျက်စေပြီး အနံ့နဲ့ အရသာကိုလည်း ပိုထူးကဲကောင်းမွန်စေပါတယ်။ ဟင်းရွက်တွေ သုပ်တဲ့နေရာမှာလည်း ပန်းသီးရှာလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ထည့်မွှေပေးရင်လည်း အဆင်ပြေသလို ရေတစ်ဖန်ခွက်မှာ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းလောက် ထည့်ပြီး တစ်နေ့ နည်းနည်းစီ သောက်ပေးလို့ ရပါတယ်။

ဘယ်အရာမဆို တန်ဆေးလွန်ဘေး၊ ချင့်ချိန်စားသုံးတာ အကောင်းဆုံးပဲမို့ တစ်နေ့တာအတွက် လိုအပ်သလောက် ပမာဏစားသုံးပေးရင် ကိုယ်အလေးချိန်ကို ကျစေပြီး ဆီးချို၊ နှလုံးကျန်းမာရေးအတွက် ဓာတ်စာအဖြစ် မှီဝဲနိုင်မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required