လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ် ရွေ့ဆိုင်းရန် ကော်မတီဖွဲ့စည်း

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ် ရွေ့ဆိုင်းရန် ကော်မတီဖွဲ့စည်း
ဓာတ်ပုံ- ကယားပြည်နယ် အစိုးရအဖွဲ့

ရန်ကုန် ၊ မေ ၇ ။           ။ ဒေသခံပြည်သူများ၏ ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုအား ပြန်လည်ရွေ့ဆိုင်းမည့် ကော်မတီတစ်ခုကို ဖွဲ့စည်းရန် ပြည်နယ်အစိုးရနှင့် ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မတီတို့အကြား သဘောတူညီမှု ရရှိခဲ့သည်။

“ဝန်ကြီးချုပ်ပြောတာက သူ့မှာ ညှိနှိုင်းရမယ့်ကိစ္စတွေရှိသေးတယ်။ အဲ့တော့ သူ့ကိုအချိန်နည်းနည်း ထပ်ပေးပါဆိုပြီး ပြောလို့ အချိန်ကို ညှိတော့ ဒီတစ်လအတွင်း နှစ်ကြိမ်တွေ့မယ်ဆိုတာရယ်၊ ဗိုလ်ချုပ် ကြေးရုပ်တုရွေ့ပြောင်းရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ ဖွဲ့လိုက်မယ်ဆိုတဲ့ဟာရယ် အဲ့နှစ်ခု ရလဒ် ထွက်တာပေါ့” ဟု ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီးက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး မေလ ၇ ရက်နေ့ က လွိုင်ကော်မြို့၌ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကြေးရုပ်ကန့်ကွက်မှု သပိတ် ကော်မတီ နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့အကြား လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း ခဲ့ခြင်းလည်းဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ပြန်လည်ရွေ့ပြောင်းပေးမည့် ကိစ္စကို ယတိပြတ် ကတိပေး ပြောကြားခဲ့ခြင်းမရှိသော်လည်း မေလ ၁၄ ရက်နေ့တွင် ပြန်လည်တွေ့ဆုံညှိနှိုင်းရန် သဘောတူခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံ၌  ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် စိုက်ထူခဲ့ခြင်းဖြစ်ပြီး ဒေသခံ ကရင်နီလူငယ်များမှ ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ထိုသို့ ဆန္ဒပြခဲ့သည့် ကရင်နီလူငယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ပြီး လူစုခွဲခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ  ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီ နှင့် ကြေးရုပ်တု ဆန့်ကျင်သည့် ကရင်နီလူငယ်များအကြား ညှိနှိုင်းရန် ပြောဆိုခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required