ဆွဲကြိုးဖြုတ်လုသည်ကို တိုင်ကြားသဖြင့် သားဖြစ်သူက မိခင်ကို ဓားနှင့်ထိုးမှုဖြစ်ပွား

By တင်ရွှေ(မဇ္ဈိမ)
07 May 2019
ဆွဲကြိုးဖြုတ်လုသည်ကို တိုင်ကြားသဖြင့် သားဖြစ်သူက မိခင်ကို ဓားနှင့်ထိုးမှုဖြစ်ပွား

မကွေး၊ မေ ၇ ။          ။  မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာအုပ်စု၊ အုတ်ပုံရေလည်ကျေးရွာတွင် မေလ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်က သားအရင်းဖြစ်သူက မိခင်အား ဓားဦးချွန်ဖြင့် ထိုးခဲ့သည့်အတွက် သေဆုံးမှု ဖြစ်ပွားသွားကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ နေလင်းအောင်သည် မေ ၅ ရက်နေ့ညက မိခင်ဖြစ်သူဒေါ်မာရှိန်ထံမှ ရွှေဆွဲွဲကြိုးအား ဖြုတ်လုယူသည့် ကိစ္စကို မိခင်ဖြစ်သူဒေါ်မာရှိန်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားသည်ကို မကျေမနပ်ဖြစ်ကာ သားအမိ ချင်း စကားများရန်ဖြစ်ရာမှ နေလင်းအောင်က မိခင်အား ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ချွေးမဖြစ်သူ မအေးလင်း ၏ ထွက်ဆိုချက်အရ သိရသည်။

 ရဲမှတ်တမ်းအရ မေ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဒုရဲအုပ် နှင်းနွယ်ဦးသည် မြို့သစ်မြို့မရဲစခန်းတွင် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မြို့သစ်မြို့ ပြည်သူ့ဆေးရုံသို့ ဓါးထိုးခံရသည့် အမျိုးသမီးအလောင်း တစ်လောင်း ကားဖြင့် ရောက်ရှိလာကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် သွားရောက် စစ်ဆေးခဲ့သည်။

 မြို့သစ်မြို့နှင့်၂၅ မိုင်ခန့်အကွာ အိုင်မကျေးရွာအုပ်စု အုတ်ပုံရေလည်ကျေးရွာမှ ဒေါ်မာရှိန်မှာ ဝဲဘက်ပေါင် အပြင်ဘက်တွင် ၄ လက်မခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေပြီး သေဆုံးသူ၏ ချွေးမ တော်စပ်သူ မအေးလင်းအား မေးမြန်းရာ နေ့လယ် ၁ နာရီခန့်အချိန်က နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ ဦးခင်မောင်စိုး (ခ) ဘိုခင်၏နေအိမ်ဘက်မှ ဆူညံရန်ဖြစ်သံကြားရသဖြင့် သွားရောက်ကြည့်ခဲ့ကြောင်းသိရသည်။

 သွားရောက်ကြည်ရှုချိန်တွင် ဦးခင်မောင်စိုးနေအိမ်သို့ ရောက်နေသော ယောက္ခမဖြစ်သူ ဒေါ်မာရှိန်မှာ ဝဲဘက် ပေါင်ဘေးတွင် ထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် လဲကျနေသည်ကိုတွေ့ရှိရကြောင်း ၊ ထို့နောက် မအေးလင်းက ဖြစ်စဉ်ကို အိမ်ရှင် ဦးခင်မောင်စိုးအား မေးမြန်းရာ သေဆုံးသူဒေါ်မာရှိန်၏သားဖြစ်သူ နေလင်းအောင်က အရိုး ၄ လက်မ ခန့် ၊အသွား ၆ လက်မ ၊ ဗြက် ၁ လက်မခန့်ရှိ ဓားဦးချွန်ဓါးမြောင်ဖြင့် ထိုးခဲ့သည့်အတွက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ထိုဒဏ်ရာမှ သွေးများအလွန်အကျွံထွက်နေပြီး သတိမေ့မျောနေသဖြင့် မြို့သစ် ပြည်သူ့ဆေးရုံသို့ ကားဖြင့် သယ်ဆောင်လာစဉ် လမ်းခရီး၌ သွေးထွက်လွန်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် မိခင်ဖြစ်သူအား ဓားနှင့်ထိုးခဲ့သည့် သားဖြစ်သူ နေလင်းအောင်ကို ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်နှင်းနွယ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မေ ၆ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် မြို့သစ် မြို့မရဲစခန်းမှ (ပ)၂၂၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly