ရိုက်တာသတင်းထောက် ၂ ဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်လာ

ရိုက်တာသတင်းထောက် ၂ ဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်လာ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေ ၇ ။          ။ ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးမှာ မေ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၂ဝ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ နိုင်ငံတော်သမ္မတက တတိယအကြိမ်အဖြစ် ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်။

"ကျွန်တော် ဒီနေ့ပြောချင်တာက ကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ဒီ ထောင်ထဲမှာရှိနေတဲ့အချိန်မှာ အထဲကနေကူညီပေးကြနဲ့ ကျွန်တော်မိတ်ဆွေတွေရော၊ အပြင်က ကျွန်တော်တို့ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ ထောက်ခံအားပေးကြတဲ့ ကျွန်တော်ရဲ့မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေအားလုံး၊ တစ်မ္ဘာလုံးမှာရှိတဲ့ ကျွန်တော်တို့အပေါ်မှာ ဂရုဏာသက်ခဲ့ကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ် ခင်ဗျာ" ဟု အင်းစိန်ထောင်မှ အထွက် သတင်းထောက် ကိုဝလုံးက ပြောဆိုခဲ့သည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူအချို့ တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ- ၃(၁)(ဂ) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးနောက် ယင်းပုဒ်မဖြင့် အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ခရိုင်တရားရုံးတွင် တရားစွဲတင်စစ်ဆေးခဲ့သည်။

ထိုသို့ တရားစွဲတင်စစ်ဆေးပြီးနောက် အဆိုပါ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားသည်ဟုဆိုကာ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ခရိုင်တရားသူကြီးက ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required