Samsung Love & Care အစီအစဉ် အာဆီယံဒေသတွင်း၌ မြန်မာတွင် ပထမဆုံးလှုပ်ရှား

Samsung Love & Care အစီအစဉ် အာဆီယံဒေသတွင်း၌ မြန်မာတွင် ပထမဆုံးလှုပ်ရှား
Photo The Mirror

အောက်တိုဘာ ၆ ရက် ။       ။ ကမ္ဘာလုံးဆိုင်ရာ လုပ်အားပေးပွဲတော် Samsung Global Volunteer festival 2015 ၏ တစိတ်တပိုင်းအနေဖြင့် Love & Care Program ကို အာဆီယံဒေသတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံတွင် လှုပ်ရှားဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Samsung ၏ ဒေသဆိုင်ရာ Love & Care Program အား မြန်မာနိုင်ငံတွင် အောက်တိုဘာ ၃ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြသည်။

ယင်းအစီအစဉ်တွင် အရှေ့တောင်အာရှနှင့် အခြားနိုင်ငံအသီးသီးရှိ Samsung မှ လုပ်အားပေး အဖွဲ့များသည် ပဲခူးတိုင်းဒေသကြီးရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အစားအသောက် ၊စာရေးကိရိယာများ ပံ့ပိုးပေးပြီး၊ ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်အား နည်းပညာအသုံးပြု၍ လေ့လာသင်ကြားမှုဆိုင်ရာ လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။

''ဒီအစီအစဉ်က အာဆီယံဒေသတွင်းမှာ ပထမဆုံးအကြိမ် လှုပ်ရှားဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်မတို့မှာရှိတဲ့ ဗဟုသုတနဲ့ စွမ်းဆောင်ရည်တွေကို လေ့လာသင်ကြားမှုဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်ပြီး မျှဝေပေးရုံသာမက မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေကို ကူညီအားပေး ထောက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။'' ဟု Samsung အရှေ့တောင်အာရှနှင့် သမုဒ္ဒရာဒေသ ပိုင်း ဈေးကွက်ဆိုင်ရာ ဒုအကြီးအကဲ Irene Ng က ပြောသည်။

Samsung သည် ရန်ကုန်တိုင်းဒေသကြီးရှိ ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့သော ကလေးသူငယ်များကို ပညာသင်ကြားနိုင်ရန်လည်း ပြည်တွင်းမှ NGO မြန်မာရွှေ့လျားပညာသင်ကြားရေးအစီအစဉ် My ME Project နှင့် ၂၀၁၅ နှစ်စပိုင်းက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ပညာရေးသာမက ရေဘေးသင့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသုံးပြုရန် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်နှင့် တီဗွီ ၈၄ လုံးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းခဲ့သေးသည်။ ထို့ပြင် ဧရာဝတီနှင့် ပဲခူးတိုင်းတို့မှ ရေဘေးဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများလည်း လှူဒါန်းခဲ့ကြောင်း အောက်တိုဘာ ၅ ရက်ထုတ် နိုင်ငံပိုင်ကြေးမှုံသတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required