နေပြည်တော်တွင် ပြုလုပ်မည့် ဘာသာပေါင်းစုံဆွေးနွေးပွဲ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်

နေပြည်တော်တွင် ပြုလုပ်မည့် ဘာသာပေါင်းစုံဆွေးနွေးပွဲ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်

ရန်ကုန်၊ မေ ၆ ။     ။ မေလ ၇ ရက်မှ ၈ ရက်အထိ ၂ ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည့် ဘာသာပေါင်းစုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုတက်ရောက်မည် ဖြစ်သည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ စီစဉ်ခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ တွင် ပြုလုပ်မည် ဖြစ်ကာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိနေသည်ဟုလည်း သိရသည်။

“ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးကနေလုပ်တဲ့အတွက်ကြောင့် ဘာသာပေါင်းစုံပါမယ်။ အစိုးရကိုယ်စားလှယ် တွေလည်း ဖိတ်ထားတယ်။ ဘယ်လောက် တက်မလဲတော့ မသိဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်တော့ တက်မယ်။ တပ်မတော်ဘက်ကလည်း လာဖို့ရှိတယ်” ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဟာဂျီဦးအေးလွင်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ပညာရေးကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ လူငယ်ကဏ္ဍ၊ လူနည်းစုအရေး၊ ရခိုင်ပြည်နယ်၏ ဘုံစိန်ခေါ်ချက်များဟု၍ အဓိက (၅) ချက်ကို စုဖွဲ့ပြီးဆွေးနွေးကြမည် ဖြစ်သည်။

 “ ဆွေးနွေးမှာတော့ ခေါင်းစဉ်အလိုက်ပါပဲ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့” ဟု ဟာဂျီ ဦးအေးလွင်က ဆိုသည်။

အဆိုပါ ဘာသာပေါင်းစုံဆွေးနွေးပွဲကို ပြီးခဲ့သည့်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၁ နှင့်၂၂ ရက်က နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ၊ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော်ဥက္ကဋ္ဌများ၊  ပြည်ထောင်စုဝန်ကြီးများ၊ဘာသာပေါင်းစုံ အကြီးအကဲများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ယမန်နှစ်က ပညာရေးကဏ္ဍ၊ တိုင်းရင်းသာလူနည်းစုအဖွဲ့အစည်းများတန်းတူ အခွင့်အရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ ရခိုင်ပြည်နယ်အတွင်းမှ မတူညီကွဲပြားမှုများ၊ သမားရိုးကျစိန်ခေါ်မှုဆိုင်ရာကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး ယခုနှစ်တွင်လည်း အဆိုပါအချက်များကိုပါ ထပ်မံဆွေးနွေးခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly