လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ သဘောထား

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၄ ။          ။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှုး ဦးဘီဟောင်းဇယ်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားမိဘလုပ်သားပြည်သူများ ခင်ဗျား-

ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာထဲ ရှုမြင်နေကြသော မဲဆန္ဒရှင် မိဘလုပ်သားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်တောင်း မေတ္တာပို့သအပ်ပါသည်။ ကျွန်တော် ကတော့လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှုး ဦးဘီဟောင်းဇယ်ဖြစ်ပါသည်။ ယခုလိုလော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ကိုယ်စား ဆွေးနွေးခွင့်ရရှိသည့်အတွက် စီစဉ်ပေးသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ကျေးဇူးတင်ပါသည်။

ကျွန်တော်အနေဖြင့် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မိတ်ဆက်ပေးရင်း ပါတီ၏ ရည်ရွယ်ချက်၊ အခြေခံမူ၊ ပါတီ၏ဝါဒသဘောထားများကို တင်ပြဆွေးနွေးသွားမည်ဖြစ်ပါ သည်။ လော်ဝေါ်လူမျိုးသည် မြန်မာနိုင်ငံမြောက်ဘက် မေခမြစ် (လောင်ဗြစ်)မြစ်ဖျား၊ လော်ခိုး၊ တထုံဂျင်၊ လော်ချိန်၊ လော်ဆေ၊ ဖောင်ဂျော်၊လကင်၊ဝဆယ်၊ ဝမြစ်၊ ဂျောမောလောက်ကွမ်ဇော် ၊ ချောငေါတောင်တန်း၊ ချာယဉ်ဘမ်တောင်တန်း၊ ဘရှဲရှတ်လော့၊ဟန်းဂေါရော့တော်ဘမ်ဒေသမှအစပြု၍ ယခုဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်များတွင် BC -500-300 လောက်ကတည်းက အတည်တကျတောပိုင်၊ တောင်ပိုင်များအဖြစ် နေထိုင်လာခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်လျက်ရှိပါသည်။ ၁၈၂၄ ခုနှစ် မတိုင်ခင် လော်ဝေါ်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကပဒေသာများ၊ ဇမ်ဂေါ၊ ဂျီဂေါပွဲတော်များ အလွန်ထွန်းကားလာ ခဲ့ပါသည်။

အင်္ဂလိပ်အစိုးရမတိုင်ခင်နှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးအစိုးရလက်ထက်တစ်လျှောက်လုံး ၁၉၆၃ ခုနှစ်အထိ လော်ဝေါ်လူမျိုးများမြေရှင်ပဒေသရာဇ်တောပိုင်း၊ တောင်ပိုင်များအဖြစ် ပိုင်ဆိုင်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကာလနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးခေတ်မှပါတီစုံ ဒီမိုကရေစီခေတ်သို့ ရောက်ရှိလို့လာခဲ့ပါသည်။ လော်ဝေါ်လူမျိုး လူဦးရေစာရင်းမှာ ၂၀၀၅ ခုနှစ် ခန့်မှန်းစာရင်းအရ ကချင်ပြည်နယ်တွင် ၁၈၄၆၄၈ ဦး၊ရှမ်းပြည်နယ် ၁၅၈၈၃၀ ဦး၊ အခြားတိုင်းနှင့် ပြည်နယ်မှာ ၁၄၇၅၉ ဦး စုစုပေါင်း၃၅၈၂၃၇ ဦးခန့် ရှိပါသည်။ ပါတီစုံဒီမိုကရေစီခေတ်တွင် တည်ထောင်ခွင့်ရရှိပါသဖြင့် ပြည်ထောင်စုစိတ်ဝင်စားစွာ အမျိုးသားနိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါသည်။

လေးစားအပ်ပါသော မိဘလုပ်သားပြည်သူများခင်ဗျား-

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရည်ရွယ်ချက်မှာ-

၁။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်ထိန်းသိမ်းမည်။

၂။ လော်ဝေါ်လူမျိုးများသည် နိုင်ငံရေးအမြင်ပွင့်လင်းလာ၍ မြန်မာနိုင်ငံတိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာရင်ပေါင်တန်း နိုင်ငံတော်တာဝန်များကို ထိရောက်စွာပါဝင်ထမ်းဆောင်နိုင်ရန်။

၃။ လော်ဝေါ်လူမျိုးများစည်းလုံးညီညွတ်မှုရရှိပြီး နိုင်ငံတော်၏ခွန်အားကို ဖြစ်စေရန်နှင့် နိုင်ငံတော်အစိုးရနှင့် လော်ဝေါ်အမျိုးသားအရေးကို ပွင့်လင်းမြင်သာစွာဆွေးနွေးတိုင်ပင်နိုင်ရန်။

၄။ အမျိုးသားစာပေ၊ ဓလေ့ထုံးတမ်းစဉ်လာနှင့် အနုပညာကဏ္ဍ ၊ ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်။

၅။ ဒေသခံလူထုဖြစ်သော လူမျိုးဘာသာ ကျား၊မ မရွေး၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့်ကလေးလူငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းဆောင်နိုင်ဆုံး ချမှတ်ဆောင်ရွက်သွားနိုင်ရန်။

၆။ဆင်းရဲနွမ်းပါးခြင်းမှ လွတ်မြောက်ရေး၊ ဒေသအေးချမ်းသာယာရေးနှင့်လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။

လေးစားအပ်ပါသောမိဘလုပ်သားပြည်သူများခင်ဗျား-

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အခြေခံမူမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ နိုင်ငံရေးပါတီတည်တံ့နိုင်ရေးအတွက် လော်ဝေါ်လူမျိုး Nhae (16) Nhae, Lhaovo Ethincgroup (16) နှင့် ပြည်သူလူထု၊ ပါတီဝင်အင်းအားကို အခြေခံသည်။

၂။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒီမိုကရေစီကျင့်စဉ်ကို အခြေခံတည်ဆောက်သွားမည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ ဥပဒေ၊နည်းဥပဒေများကိုအခြေခံ၍ ဖွဲ့စည်းတည်ထောင်မည်။

၄။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ခေတ်နှင့်အညီပြောင်းလဲနေသော ကမ္ဘာ့အခြေအနေနှင့်ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ တိုးတက်မှုရှိသော မူဝါဒစနစ်ကိုကျင့်သုံး သွားမည်ဖြစ်သည်။

၅။ ရွေးကောက်ပွဲ၏ အကျိုးရလဒ်ဖြစ်သော အာဏာရပါတီနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို နိုင်ငံတော်အစိုးရနှင့် သဘောထားကြီးစွာ ရပ်တည်သွားမည်ဖြစ်သည်။

၆။ ပါတီသည် ပါတီအရေးနှင့် နိုင်ငံတော်အရေး ယှဉ်လာရင် နိုင်ငံတော်အရေးကို ဦးစားပေးရမည်။ အလားတူပါတီသည် ပါတီအရေးနှင့် လုပ်သားပြည်သူများ၏ အရေးယှဉ်လာရင် လုပ်သားပြည်သူလူထု အရေးကိုဦးစားပေး လုပ်ဆောင်ရမည်။ ထိုနည်တူ အမျိုးသားရေးနှင့် ပါတီအရေးယှဉ်လာရင်အမျိုးသားအရေးကို ဦးစားပေးရ မည်။ ပါတီအကျိုးနှင့် မိမိအကျိုးယှဉ်လာရင် ပါတီအကျိုးကို ဦးစားပေးဆောင်ရွက် ရမည်။

၇။ ပါတီသည် မည်သည့်အဖွဲ့အစည်း၊မည်သည့်ပုဂ္ဂိုလ်၏ သြဇာခံမဖြစ်ရ။ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သောနိုင်ငံရေးပါတီဖြစ်သည်။

လေးစားအပ်ပါသော မိဘလုပ်သားပြည်သူများခင်ဗျား-

ပါတီ၏ ဝါဒသဘောထားမှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေသခံလူထုဖြစ်သော လုပ်သားပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုသောနိုင်ငံရေးပါတီဖြစ်သည်။ လော်ဝေါ်နိုင်ငံရေးပါတီက အနစ်နာခံ၍ ဒေသခံလူထု(လူမျိုး၊ ဘာသာ၊ကျား၊ မ မရွေး ၊ ဒေသမရွေး )အတွက် ဖွံ့ဖြိုးရေး၊ မရှိဆင်းရဲခြင်းမှ လွတ်မြောက်စေရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေးစသည်တို့ကို အဓိကထား ဆောင်ရွက်ရန်လိုအပ်သည်။

၂။ နိုင်ငံတော်သည် တိုင်းရင်းသားပေါင်းစုံ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ထု၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဖွဲ့စည်းထားသောနိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံရေးသည် နိုင်ငံတော်၏ အရေးဖြစ်သလို ပြည်သူလူထုတစ်ရပ်လုံး၏ အရေးဖြစ်သည်။

၃။နိုင်ငံရေးပါတီများသည် နိုင်ငံရေးကိုဦးဆောင်သည်။ နိုင်ငံရေးသည် Policy မူဝါဒ စနစ်ပေါ်အခြေခံဖွဲ့စည်းတည်ဆောက်သည်။ နိုင်ငံရေး Policy မူဝါဒစနစ်သည်လူအများစုဖြစ်သော လုပ်သားပြည်သူ တစ်ရပ်လုံး၏ ဆန္ဒကိုဖော်ထုတ်ပေးရန် ပေါ်ပေါက်လာသောမူဝါဒစနစ်ဖြစ်သည်။

၄။ လွှတ်တော်ကိုယ်စားလှယ်များသည်ပြည်သူလူထု၏ ကိုယ်စားလှယ်များဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို အပြည့်အ၀ ဖော်ဆောင်ပေးရန် တာဝန်ရှိသည်။

၅။ နိုင်ငံတော်အာဏာသည် ပြည်သူလူထု၏ လက်ထဲတွင်ရှိသည်။နိုင်ငံတော်၏ မူလပိုင်ရှင်မှာ ပြည်သူလူထုဖြစ်သည်။ လုပ်သားပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ နိုင်ငံတော်ကိုဖွဲ့စည်းသည်။

၆။ ပါတီသည်အခြားသော နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်အကျိုး သယ်ပိုးဆောင်ရွက်ရာတွင်မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်သွားမည်။

၇။ ပါတီသည်လူမျိုးဘာသာ၊ ကျား၊မ မရွေး တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ ပြည်သူလူထု တစ်ရပ်လုံး၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို လူထု၏လိုအပ်ချက်အရ ဒေသအလိုက်ဆောင်ရွက်သွားမည်။

၈။လူမျိုးစုငယ်များ၏ အမည်နာမ ဖော်ထုတ်ရေးကို ဆောင်ရွက်သွားမည်။

၉။ ပါတီသည်အမျိုးသားနိုင်ငံရေးပါတီဖြစ်သည်နှင့်အညီ Democracy လမ်းကြောင်းပေါ်သို့ကျင့်ကြံအားထုတ်နေရင်း အမျိုးသားအရေးကို ကြိုးပမ်းဆောင်ရွက်နေမည်။

၁၀။လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်၏အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု၏ ဘဝလုံခြုံရေးတွင်ပါဝင် ဆောင်ရွက်သွားမည်။

၁၁။ သယံဇာတတူးဖော်ရေး၊ စက်ရုံအလုပ်ရုံ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပုဂ္ဂလိကပိုင်/ ကုမ္ပဏီပိုင်၊ နိုင်ငံတော်ပိုင်စသော စီးပွားရေးကဏ္ဍ၏ ပိုင်ဆိုင်မူနှင့်ရင်းနှီးမြှုပ်နှံမှုတွင် Transparencyပွင့်လင်းမြင်သာမှုရှိရေးအတွက် အထောက်အကူပြု လုပ်ဆောင်သွားပါမည်။

နိုင်ငံခြားရေးမူဝါဒ သဘောထား

၁။ လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးမည်။

၂။ နိုင်ငံတကာ ဆက်ဆံရေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းကာကွယ်ရန်နှင့် ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူကြီး (၅)ချက်ကို ကျင့်သုံးသွားမည်။

၃။ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်များကို လေးစားလိုက်နာဆောင်ရွက်သွားမည်။

ဘာသာရေးဆိုင်ရာ သဘောထား

၁။ တိုင်းရင်းသားတိုင်းသည် မိမိသက်ဝင်ယုံကြည်ကိုးကွယ်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသည်။

၂။ဘာသာသာသနာ ဂိုဏ်းအချင်းချင်း ထိခိုက်နစ်နာမှုမရှိစေဘဲ အခြေခံဥပဒနှင့်အညီ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ရှိအောင် ဖော်ဆောင်သွားမည်။

၃။ နိုင်ငံတော်အတွင်းရှိ ဘာသာသာသနာဂိုဏ်းဂဏ အချင်းချင်းမေတ္တာရှေ့ထား၍ နားလည်မှု၊ သင့်မြတ်မှုအစဉ်ရှိနေရန် ဖော်ဆောင်သွားမည်။

လေးစားအပ်ပါသော မိဘလုပ်သားပြည်သူများခင်ဗျား-

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လုပ်ဆောင်ရ မည့်လုပ်ငန်းစဉ်ကို တင်ပြသွားမည်ဖြစ်ဖြစ်သည်။

နိုင်ငံရေးလုပ်ငန်းစဉ်-

၁။ ပါတီစုံဒီမိုကရေစီထွန်းကားရေးမူဝါဒစနစ်ကို ချမှတ်၍ ပွင့်လင်းမြင်သာမှုရှိစွာအစဉ်စောင့်ထိန်းကျင့်သုံးဆောင်ရွက်သွားရန်။

၂။ နိုင်ငံတော်အတွင်း၌ သူတစ်ပါးအား ထိခိုက်နစ်နာဆုံးရှုံးမှုမဖြစ်စေဘဲ လွတ်လပ်စွာ ပြုမှုဆောင်ရွက်လုပ်ကိုင်နေထိုင်ခြင်း၊ လွတ်လပ်စွာ တီထွင်ဖန်တီးခြင်း၊ ကြံဆတွေးတောခြင်း၊ သက်ဝင်ကိုးကွယ်ခြင်း၊ လွတ်လပ်စွာ တီထွင်ဖန်တီးခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းအားဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ရင်း၊ လော်ဝေါ်တစ်မျိုးသား လုံး စည်းလုံးညီညွတ်မှုရရှိပြီး ဒေသခံလူထုအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သွားရန်။

စီးပွားရေးလုပ်ငန်းစဉ်များ-

၁။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်သွားရန်။

၂။ဈေးကွက်စီးပွားရေးစနစ်တွင် တိုင်းရင်းသား၊ နိုင်ငံသား၊ လုပ်ငန်းရှင်များအားအခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးရန်။

၃။ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်။

၄။ ဒေသခံတိုင်းရင်းသားများ၏ စီးပွား ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ကူညီဆောင်ရွက်သွားရန်။

၅။ စိုက်ပျိုးရေးကိုအခြေခံ၍ လိုအပ်သော စက်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်။ ၆။ ကျေးလက်ဒေသရှိ ဆင်းရဲမွဲတေမှုပြဿနာကို ပပျောက်အောင် လုပ်ဆောင်သွားရန်။

ပညာရေးလုပ်ငန်းစဉ်များ-

၁။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အစဉ်တွန်းအားပေးဆောင်ရွက်သွားရန်။

၂။ နိုင်ငံတကာပညာရေးစနစ်နှင့် စံနှုန်းမီအောင် အားပေးဆောင်ရွက်သွားရန်၊

၃။ ပညာရည်ထူးချွန်သူများအား ဆုံးခန်းတိုင်အောင် ပညာသင်ကြားဆည်းပူးနိုင်ရေးအတွက် ကူညီပံ့ပိုးပေးရန်။

၄။ မသင်မနေရအခမဲ့ ပညာရေးစနစ်ကို နိုင်ငံတကာပညာရေးအဆင့် ဖော်ဆောင်ပေးသွားရန်။ ၅။ ဒေသခံတိုင်းရင်းသားများ၏ စာပေပညာသင်ကြားရေးကို အစိုးရစာသင်ကျောင်းများ၌ မသင်မနေရစနစ်ဖြင့် ချမှတ်ဆောင်ရွက်သွားရန်။

ကျန်းမာရေးလုပ်ငန်းစဉ်များ-

၁။ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆေးရုံကြီးမှ ကျေးလက်ဒေသရှိ ဆေးပေးခန်းများတိုင်အောင် အခမဲ့ဆေးဝါးကုသခြင်းများ အပြည့်အဝခံစားနိုင်ရေးအတွက် ဆောင်ရွက်သွားရန်။

၂။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများ၊ဆေးဝါးများနှင့် ကုသမှုပေးနိုင်ရန်ဆောင်ရွက်သွားမည်။

၃။ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း၊ တိုင်းရင်းဆေးပညာကဏ္ဍကို အဆင့်အတန်းမြင့်မားစွာ ပေါ်ထွက်လာအောင် ဆောင်ရွက်သွားရန်။

၄။ မြို့ပြနှင့်ကျေးလက်ဒေသ ကျန်းမာရေးစောင့် ရှောက်မှု ကွာဟချက်မရှိရလေအောင် ဆောင်ရွက်သွားရန်။

လူမှုရေး ယဉ်ကျေးမှုလုပ်ငန်းစဉ်များ-

၁။ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုစာပေ၊ အနုပညာတေးဂီတ တူရိယာများကိုဖော်ထုတ်မြှင့်တင်သွားရန်။

၂။ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဥပဒေနှင့်အညီ လွတ်လပ်စွာ တောင်းဆိုခြင်း၊ ရွေးချယ်ပိုင်ခွင့်ရှိခြင်း၊ ယုံကြည်ကိုးကွယ်ခွင့်ရှိခြင်းများအတွက် အစဉ်ဆောင်ရွက်သွားမည်။

၃။တိုင်းရင်းသားများ၏ လူမှုကိစ္စအ၀၀ကို နိုင်ငံတော်၏အရေးကိစ္စကဲ့သို့ အလေးထား ဆောင်ရွက်သွားရန်။

အမျိုးသားရေးလုပ်ငန်း-

၁။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားနိုင်ငံရေးပါတီဖြစ်သည်နှင့်အညီ တိုင်းရင်းသားမျိုးနွယ်စုများ၏ မူလအခွင့်အရေးများဖြစ်သော ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ကြံစည်ဖန်တီးခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်ခွင့်များရရှိအောင် ဆောင်ရွက်သွားရန်။

၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် ပါဝင်ဆောင်ရွက်ရန်။

၃။ ဌာနီတိုင်းရင်းသားများ၏ နယ်မြေလုံခြုံရေး၊ ဘဝလုံခြုံရေး၊ သဘာဝသယံဇာတပစ္စည်း ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်သွားရန်။

၄။ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားချမ်းသာရေး၊ရိုးရာယဉ်ကျေးမှုအနုပညာထွန်းကားရေး၊ စာပေမြင့်မားရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်လုပ်ဆောင်သွားရန်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘလုပ်သားပြည်သူ အပေါင်းတို့နှင့်တကွလော်ဝေါ်မျိုးနွယ်စုများခင်ဗျား-

နိဂုံးချုပ်အနေဖြင့် ဆွေးနွေးလိုသည်မှာ- လော်ဝေါ်လူမျိုး၏ အထိမ်းအမှတ်တံဆိပ်အကြောင်း မိတ်ဆက်ပေးလိုပါသည်။ တံဆိပ်-ကြက်ဖနှင့် အလံက ဓားလွယ်ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ- ကြက်ဖသည် လူသားအပေါင်းတို့ကို အချိန်နာရီပေးပါသည်။ မိုးလင်း ၊ မိုးချုပ်၊ နေဝင်နေထွက် ၂၄ နာရီအချိန်ကို ကြက်တွန်သံဖြင့်အချက်ပေးနေပါသည်။ တစ်ဆက်တည်းမှာပဲ ကြက်အမျိုးသည် မိခင်ကြက်ဥထဲမှ ဖောက်ထွက်၍ လောကထဲသို့ရောက်ရှိလာပြီး မိခင်နို့တိုက်ကျွေးခြင်းမရှိဘဲကိုယ့်ဘာသာ ရှာဖွေစားသောက်ကာ အသက်ရှင်သောသတ္တဝါဖြစ်ပါသည်။ ဓားသည်လူသားများအတွက် ဘဝအသက်ရှင် လုပ်ကိုင်စားသောက်ရာတွင် မရှိမဖြစ် လိုအပ်သော အသက်မွေးဝမ်းကျောင်း လက်နက်ကိရိယာဖြစ်ပါသည်။ ဓားလွယ်သည် ရိုးရာယဉ်ကျေးမှုအရ အမြတ်တနိုးထားရှိသော ရိုးရာသုံးပစ္စည်းဖြစ်ပါသည်။လော်ဝေါ်လူမျိုး၏ ရိုးသားမှုကိုဖော်ပြသော၊ ဘဝနေထိုင်ဆင်းသက် လာပုံကို ကြက်၊ကြက်ဖနှင့် ဓား၊ ဓားလွယ်အထိမ်းအမှတ် တံဆိပ်၊ အလံဖြင့် အဓိပ္ပာယ်ဖော်ဆောင် ထားခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

လော်ဝေါ်လူမျိုးသည် မြန်မာနိုင်ငံခေတ်အဆက်ဆက်တွင် ကျော်ဖြတ်လာခဲ့ရာမြန်မာနိုင်ငံရေးတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်မှ ယနေ့တိုင်အောင် နိုင်ငံရေးပါတီများတွင် ပါဝင်ဆောင်ရွက်လာခဲ့ကြပါသည်။ သို့သော်မိမိတို့ လော်ဝေါ်အမျိုးသား နိုင်ငံရေးပါတီအဖြစ် တည်ထောင်လာခဲ့ခြင်းမရှိခဲ့ပါ။ယခု ၂၀၁၅ ခုနှစ်မှစ၍ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပထမဦးဆုံးဖွဲ့စည်းတည်ထောင်နိုင်သော နိုင်ငံရေးပါတီဖြစ်ပါသည်။ အခုလိုနိုင်ငံရေးပါတီတည်ထောင်ခွင့် ရရှိသည့်အတွက်ကြောင့် နိုင်ငံတော်ရွေးကောက်ပွဲ ကော်မရှင်အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မိဘလုပ်သားပြည်သူလူထုအပေါင်းတို့သည် အသည်း နှလုံးကြားထဲက မဲတစ်ပြားကို နိုင်ငံတော်အတွက် ဆန္ဒမဲပေးကြမည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက်သောပါတီစုံ ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာအောင်၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လည်း ပါဝင်ကြောင်း ဆွေးနွေးလိုပါသည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် မဲဆန္ဒရှင်ပြည်သူလူထု၏ အဆုံးအဖြတ်သည် အရေးကြီးပါသည်။

မဲဆန္ဒရှင်မိဘလုပ်သားပြည်သူများက ပါတီကိုရွေးချယ်တတ်ရန်၊လူပုဂ္ဂိုလ်ကို ရွေးချယ်တတ်ရန် လိုအပ်လာပြီဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည် နိုင်ငံတော်ကို ပို၍ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရန် ပါတီ၏ရည်ရွယ်ချက်၊မူဝါသသဘောထားများကို ပါတီတိုင်းကိုယ်စီချမှတ်ကာ ရွေးကောက်ပွဲအတွက် တာစူနေကြပြီးဖြစ်ပါသည်။ ထိုသို့ ပါတီစုံဒီမိုကရေစနစ်၏ အကောင်းဘက်ကို အားပြိုင်လွန်ဆွဲခြင်း အကျိုးရလဒ်သည် နိုင်ငံတော်၏ အနာဂတ်ကို ဖော်ဆောင်လျက်ရှိပါသည်။သို့ဖြစ်ပါ၍ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုထွန်းကားလာစေရန် လိုအပ်ပါကြောင်း ဆန္ဒပြုဆွေးနွေးတင်ပြအပ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမိဘလုပ်သားပြည်သူအပေါင်း တို့ခင်ဗျား-

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရည်ရွယ်ချက်၊မူဝါဒသဘောထား၊ လုပ်ငန်းစဉ်များကို အတိုချုပ် ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ရှုစားနားထောင် အားပေးကြသော မိဘလုပ်သားပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းရရှိပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်ခင်ဗျား။ ။

(လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆန္ဒမဲပေးကြပါစို့)

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

 ၁။  ပါတီအမည်  -  လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
 ၂။  ပါတီအမည်(English)  -  Lhaovo National Unity and Development Party (LNUDP)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၃.၂.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦဒေါင်ဓမ်ပါ(၂၁) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဒေါင်ဓမ်၊ ဦးဒေးဝိ(ခ) ဦးဇောင်းခေါင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၈.၅.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၄.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၉.၆.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၉)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၈၁)၊ ရပ်ကွက် (၂) ဝိုင်းမော်မြို့၊ ကချင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၀၀၀ ၄၁၀၃၇  (ဦးဒေါင်ဓေါင်)၊ ၀၉-၄၇၁၀ ၆၉၂၇ (ဦးဒေးဝိဒ်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required